နေပြည်တော် သြဂုတ် ၁၄

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၁၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် သာယာကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ လူသုံးကုန် ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၂၆၆၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၂၆၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်နှင့် သရက်ခရိုင်တို့ အတွင်း၌ တရားမဝင် မီးသွေး ၁၀ ဒသမ ၂၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၃၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၈၈၀၂၁) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Mini Bus နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျောက်ဆည်မြို့ ရေဝန်းကျေးရွာအနီး၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၃၃၇၇၈၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၆၂၅၈၀၁ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ညောင်ပင်စင်ကျေးရွာ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ၁၁၀ လက်မ သံပိုက်လုံး ၁၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းခုနစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux နှစ်စီး၊ Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၃၈၉ တန်၊ အခြားသစ် ၁ ဒသမ ၆၀၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၃၃၁၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၈၁၃၃၁၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် - ပဲခူး လမ်းဟောင်း သာယာအေးကျေးရွာအနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၂၁၉၆၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Van တစ်စီး၊ Nissan Diesel Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀၀၀၀၀၀) ကို လည်းကောင်း၊ ပဲခူးမြို့အနီး (ဝေါမြို့ အဗျားဘိုတဲကျေးရွာ) ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၁၀၃၉၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး၊ Nidi Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀) ကို လည်းကောင်း၊ ပဲခူးမြို့အနီး (ဘုရားကြီးမြို့ ဘုရားလေးကျေးရွာ ZTH ဆီဆိုင်) ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၀၁၄၄၈၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Toe 12 Wheels Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀) ကို လည်းကောင်း၊ အမှတ် (၂) လမ်းမကြီးအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၈၅၄၀၃၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့ မြို့သစ်ရပ်ကွက် သစ်ခွလမ်း ရပ်ကွက်-၃ (ခ) ရှိ ခြံဝင်းတစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုတ္တမ (ရွှေပြည်သာ) ဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၃၄၂၉၅၈၈) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Global-1 ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀၀၀) ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၅၁၉၆) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၄ မျိုး၊ လူသုံးကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၆၀၄၂၇၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၃၂၉၀၅၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၁၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၂၄ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၄၁ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၄၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈၁၄၅၆၅၁၁) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။                 

 

သတင်းစဉ်