နေပြည်တော်၊ ဧပြီ ၂၀

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၉ ရက်တွင်  ရှမ်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးက ဦးဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမ‌ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၉၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် HINO RANGER အမျိုးအစား ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၁,၉၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ (၂၄ ဒသမ ၈၈၅၂) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၂၅,၄၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အ‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ကရင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင်မှန်လုံယာဉ်(၁)စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မ‌ရှိသည့် ဆေးဝါးနှင့်အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၃၈၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မှန်လုံယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂,၃၈၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈,၀၀၈,၄၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)