တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်ယန္တရားယာဉ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

 

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် သံဗီရို (၃၈)လုံး  အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၀၁,၂၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် I Phone နှင့် Apple Watch နာရီ အပါအဝင် ကုန်ပစ္စည်း လေးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၃၀၀,၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း၌ လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် OPPO A36 Used Mobile Phone (၁၀၂) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၀၀,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် PP Woven Bag ပလပ်စတစ် ဆာလာအိတ် ကီလိုဂရမ် (၅၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈,၇၄၁,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အပြင် စက်တင်ဘာ ၂၅ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က သံလွင်တံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကြယ်အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ လီတာ (၃၆၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၉,၈၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၈၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

mdn

 

ထို့အတူ စက်တင်ဘာ ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမဲအကြောခြောက် ကီလိုဂရမ် (၅၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino PR1JJB Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

mdn

 

ထို့အတူ စက်တင်ဘာ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာ၌ တရားမဝင်သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် LUIGONDG ဘက်ဟိုးတစ်စီး၊ KOMATSU ဘက်ဟိုးတစ်စီးနှင့် KUBOTA ဘက်ဟိုးတစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့အတူ စက်တင်ဘာ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၄၃၂) တန်နှင့် အခြားသစ် (၁ ဒသမ ၉၀၈) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄,၁၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၀ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂,၄၄၅,၃၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်