နေပြည်တော်၊ နိုဝင်ဘာ ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၀၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း လေးမျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၅၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၀ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၀၇၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၃၀,၀၄၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၅၄၈,၀၄၈) ကို ဖမ်းဆီးရမိခဲ့ပါသည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် လူသုံးကုန် ပစ္စည်းများ ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍တားဆီးစစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်


