နေပြည်တော် နိုဝင်ဘာ ၁၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ နိုဝင်ဘာ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၁၇,၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု နဝဒေးတံတား စစ်ဆေးရေးဂိတ်၌ ပြည်မြို့မှ ပန်းတောင်းမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် ရေနံစိမ်း အနှစ် ဂါလန် (၃၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၁၈၈,၈၀၀) နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် Nissan Diesel ဆီသယ်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၆၁၂) တန်၊ သစ်မာ (၈ ဒသမ ၇၀၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၂၄,၀၅၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၆,၈၁၂,၈၅၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၉,၄၃၀,၂၅၆) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများနှင့် တရားမဝင် သယ်ဆောင်မှုများကြောင့် ပြည်တွင်းစျေးကွက်၌ ကုန်စျေးနှုန်းတည်ငြိမ်မှုကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ အရည်အသွေးမပြည့်ဝသည့် ကုန်စည်များကြောင့် စားသုံးသူ ပြည်သူများအတွက် ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက် ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်



