တရားမဝင် သစ်မျိုးစုံနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ


နေပြည်တော်၊    ဧပြီ    ၂၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၈၂၉) တန်၊ သစ်မာ (၀ ဒသမ ၅၃၅) တန်နှင့် အခြားသစ် (၆ ဒသမ ၁၀၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၉,၅၁၅) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဥသျှစ်ပင်မြို့နယ်နှင့် အင်းတကော်မြို့နယ်တို့၌ လိုင်စင်မဲ့ Toyota Alphard မော်တော်ယာဉ်တစ်စီးနှင့် Toyota Voxy မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၇၅၉,၅၁၅) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဧပြီ ၂၀ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၇၅၉,၅၁၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်