နေပြည်တော် စက်တင်ဘာ ၂၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် ဘားအံမြို့နယ် ကော့ကဒါးကျေးရွာနှင့် နောင်ပတုတ်ကျေးရွာအနီးတို့၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၄၂၈ ဂါလန်၊ ဓာတ်ဆီ ၂၄၆ ဂါလန် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၈၁၅၆၄၇၆ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် ရွှေဘိုမြို့နယ် တဲကြီးကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၈၅၀၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၀၀၀၀၀) နှင့် လိုင်စင်မဲ့ Toyota Mark II ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂၃၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၂၅၅ တန် (ခန့်မှန်းတန်ဖိုးငွေ ၂၇၉၉၂၅၆ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ် တို့၌ လိုင်စင်မဲ့ယာဉ်ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၃ ရက်တွင် ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၇၆၃၄၈၀) နှင့် စက်တင်ဘာ ၂၆ ရက်တွင် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၃၈၀၀၀)၊ အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Landcruiser Prado တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၄၀၁၄၈၀ ကို အမှုတွဲဖွင့်လှစ် ဆောင်ရွက်ထားရှိသည်။

 

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မော်လမြိုင် ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၁ စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၂၅၀၊ ဓာတ်ဆီ ဂါလန် ၄၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် မော်လမြိုင်မြို့နယ် အတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၁၅၀၀၀၀ ကို အမှုတွဲဖွင့်လှစ်ဆောင်ရွက်ထားရှိသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၄၅ မျိုး၊ လူသုံးကုန်ပစ္စည်း ရှစ်မျိုး၊ စားသောက်ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၇၂၀၄၇၅၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV. Pyi Gyi Ta Khun ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေ ၂၈၉၅၄၂၈၅၈ ကျပ်) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၁၇၆၇၄၇၆၀၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၁၅၆၁၅၉၄၆၀၈ ကျပ်) ကို လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ရွှေမဲဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀၅ မျိုး (ခန့်မှန်းတန်ဖိုးငွေ ၇၈၉၁၇၉၄၂၅ ကျပ်) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV. Kaung Hein ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၁၇၉၆၇၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၈၇၀၉၅၃၇၀၃ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

 

စက်တင်ဘာ ၁၈ ရက်မှ ၂၆ ရက်အထိ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၆၃ မှု (ခန့်မှန်းတန်ဖိုးငွေ ၅၄၃၁၅၅၈၅၂၃ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စား နှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်