ဂျကာတာ   အောက်တိုဘာ   ၂၀

တရားမဝင်  သတ္တုတူးဖော်မှု၊  မှောင်ခိုလုပ်ငန်းနှင့် သဘာဝသယံဇာတကဏ္ဍတွင် အခြားသော နည်းလမ်းမျိုးစုံဖြင့်  လိမ်လည်လှည့်ဖြားမှုများသည် နိုင်ငံတော်အတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း၊ နှစ်စဉ် ရူပီးယား ထရီလီယံသောင်းချီဆုံးရှုံးလျက်ရှိကြောင်း  အင်ဒိုနီးရှားသမ္မတ  ပရာဘိုဝိုဆူ ဘီယန်တိုက အောက်တိုဘာ ၂၀ ရက်က  ပြောကြားလိုက်သည်။

စားအုန်းဆီကြမ်းနှင့် ဆက်စပ်ကိစ္စရပ်များ အပါအဝင် အကျင့်ပျက်ခြစားမှုမှ နိုင်ငံတော်၏ဆုံးရှုံးမှုအတွက် ရူပီးယား ၁၃ ဒသမ၂၃ ထရီလီယံ(အမေရိကန်ဒေါ်လာ သန်း ၈၁၀ ဝန်းကျင်)   ပြန်လည် ရရှိရေး အထိမ်းအမှတ်အခမ်းအနားတွင် ပရာဘိုဝိုက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုအတွက်     ရှေ့နေချုပ်ရုံးအား    ချီးကျူးဂုဏ်ပြုခဲ့သည်။

ဘန်ဂါဘယ်လီတန်မှ    ခဲမဖြူများ   မှောင်ခိုတင်သွင်းမှုကို ရပ်တန့်ရန် မကြာသေးမီက ကြိုးပမ်း ဆောင်ရွက်ချက်များက နှစ်စဉ်ရူပီးယား ၄၀ ထရီလီယံအထိ ဆုံးရှုံးနေသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ပရာဘိုဝိုက ပြောကြားခဲ့သည်။ ထိုသို့ဆုံးရှုံးနေသည်မှာ ဆယ်စုနှစ်နှစ်စုနီးပါးရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အဖွဲ့အစည်းမဆို အစိုးရက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။                 

ဆင်ဟွာ