ဗလာဒီဗော့စတော့ စက်တင်ဘာ ၇
တရုတ်နှင့် ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်-ရုရှား ချစ်ကြည်ရေးကော်မတီ၏ (၁၅)ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟောင်ဇောင်က စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သည့် လီက ဖတ်ကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာကျသည့် လမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို လမ်းကြောင်းမှန်ပေါ်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး မြှင့်တင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်-ရုရှား ချစ်ကြည်ရေးကော်မတီသည် နိုင်ငံသား များအချင်းချင်း ကူးလူးဖလှယ်ခြင်းအတွက် အဓိကလမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် ခေါင်းဆောင်များက မျှော်လင့်ထားကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။
နှစ်နိုင်ငံခေါင်းဆောင်များကြားရရှိခဲ့သည့် အရေးကြီးသောသဘောတူညီမှုကို လိုက်နာဆောင်ရွက်ရန်၊ နှစ်နိုင်ငံနိုင်ငံသားများအချင်းချင်း ကူးလူးဖလှယ်ရေးအတွက် ဘက်စုံကွန်ရက်တစ်ခု တည်ထောင်ရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရေးအတွက် ဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ရုရှားတာဝန်ရှိသူ ဗောရစ်တီ တော့က ဖတ်ကြားပြီး ရုရှား-တရုတ် ဆက်ဆံရေးနှင့် ရေရှည်ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာတွင် ကော်မတီ၏ အရေးကြီးသော အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့သည်။
ကော်မတီ၏လုပ်ငန်းများတွင် ပိုမိုအကျိုးရှိသောရလဒ်များရရှိရန်နှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးတွင် စာမျက်နှာသစ်တစ်ခုရေးထိုးရန်၊ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေးနှင့် ဆက်ဆံရေး ခိုင်မာစေရန်အတွက် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


