ရှန်ဟိုင်း   ဒီဇင်ဘာ   ၈

တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏  ဒေသဆိုင်ရာ စင်တာကို ဒီဇင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ  စီးပွားရေးကျွမ်းကျင်သူ ဂျွန်နက်ဝီဂန်အား ၎င်းစင်တာ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အာရှပစိဖိတ်ဒေသရေးရာလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်အတွက်   ၎င်းစင်တာက ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။

၎င်းစင်တာသည် ထွန်းသစ်စ ဈေးကွက်များနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် ငွေကြေးဆိုင်ရာသုတေသနနှင့် အသိပညာများမျှဝေရာ နေရာအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း   သိရသည်။  ကမ္ဘာလုံးဆိုင်ရာ  စီးပွားရေးကဏ္ဍတွင်  မသေချာမှုများ မြင့်တက်နေချိန်တွင် ၎င်း မသေချာမှုများကို လွန်မြောက်စေရေးအတွက် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တီလီနားဂျီဂျီဗာက   ပြောသည်။

ယခုစင်တာဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းကို ပြသနေကြောင်း တရုတ်နိုင်ငံ ပြည်သူ့ဘဏ်အကြီးအကဲ ပန်ဂိုရှန်က    ပြောသည်။ 

ယခု  ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြားနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှုဖွံ့ဖြိုးရေးအတွက်   ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ