ပေကျင်း စက်တင်ဘာ ၂၇
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံ၌ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရန် ရည်မှန်းချက်အသစ်များကို ကြေညာခဲ့ပြီး ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အလေးပေးပြောကြားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် ရာသီဥတုဆိုင်ရာ ထိပ်သီး အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ကြသည်။
ရာစုနှစ်အကုန်တွင် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီအထိ လျှော့ချရန် အလားအလာ ရှိသေးကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံများအား ချက်ချင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပြောကြားသည်။
တရုတ်နိုင်ငံက ၂၀၃၅ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို အမြင့်ဆုံးအဆင့်မှ သတ်မှတ်ထားသည့် အနိမ့်ဆုံးအဆင့် (၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း) အထိ လျှော့ချမည်ဖြစ်ကြောင်း သမ္မတ ရှီက ကြေညာခဲ့သည်။
အလားတူ ဘရာဇီးသမ္မတ လူလာဒါဆေးဗားက ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်စုံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ညီလာခံ (COP30) ကို ဘရာဇီးနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


