စက်တင်ဘာ ၅
တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ ငလျင်ကယ်ဆယ်ရေးအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ယွမ် သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၄ သန်း) ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က ပြောကြားခဲ့သည်။
အာဖဂန်အစိုးရ၏တောင်းဆိုချက်အရ တရုတ်နိုင်ငံက ငလျင်ဒဏ်ခံရသော ဒေသများတွင် အရေးပေါ်လိုအပ်နေသော ရွက်ဖျင်တဲများ၊ စောင်များနှင့် အစားအစာများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ လီမင်က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် သြဂုတ် ၃၁ ရက်က ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၂၀၅ ဦး သေဆုံးပြီး ၃၆၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန်လခြမ်းနီအသင်းက ဖော်ပြထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သောနေအိမ်အပျက်အစီးများအောက်တွင် လူအများအပြား ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထိုအဖွဲ့က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


