အဒစ်အဘာဘာ ဒီဇင်ဘာ ၂၁

တရုတ်နိုင်ငံနှင့်  အာဖရိကဒေသကြား တိရစ္ဆာန်မွေးမြူရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာတွင် ကျင်းပသည့် တိရစ္ဆာန်မွေးမြူရေး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းသည် အာဖရိကဒေသရှိ ကျေးလက်နေဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် အရေးကြီးကြောင်း အာဖရိကသမဂ္ဂ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူ မိုးဇတ်ဗီလာခါတီက ပြောသည်။

တရုတ်နိုင်ငံနှင့် အာဖရိကဒေသကြား တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွင် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ တရုတ်နိုင်ငံ၏  တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် နည်းပညာနှင့်လုပ်ငန်းဆိုင်ရာ အရည်အသွေးတွင် ထိပ်တန်းနေရာတွင်ရှိသောကြောင့်  နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း  အာဖရိကသမဂ္ဂဆိုင်ရာ တရုတ်တာဝန်ရှိသူ ဂျင်ဖန်းက ပြောသည်။ ယခုကျင်းပသည့်  ထိပ်သီးဆွေးနွေးပွဲအရ အာဖရိကဒေသ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာစေရေးအတွက် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုပြုရန် အခွင့်အရေးများရရှိခဲ့ကြောင်း သိရသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုသည့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ နည်းပညာများ၊ တိရစ္ဆာန်များမှ ကူးစက်သောရောဂါကာကွယ်ထိန်းချုပ်ရေးနည်းပညာများနှင့် တိရစ္ဆာန်များတွင်ဖြစ်ပွားသည့်  ရောဂါကာကွယ်ဆေးစက်ရုံ  တည်ထောင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ