စက်တင်ဘာ ၂၃
တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်၏ အလယ်ပိုင်း သို့မဟုတ် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ကုန်းတွင်ပိုင်းသို့ အားပြင်း သို့မဟုတ် အလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ရာဂါဆာသည် ၂၄ နာရီအတွင်း ဝင်ရောက်တိုက်ခတ်မည်ဟု ကြိုတင်ခန့်မှန်းထားသဖြင့် ယနေ့မနက် ၁၀ နာရီတွင် လေတိုက်ခတ်မှုအရေးပေါ်တုံ့ပြန်ရေးကို အမြင့်ဆုံးအဆင့်သို့မြှင့်တင်ခဲ့သည်ဟု သိရသည်။
တိုင်ဖွန်း မုန်တိုင်းရာဂါဆာသည် ယမန်နေ့နှောင်းပိုင်းက တောင်တရုတ်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀ ခန့် အရှိန်ဖြင့် အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။
ကျူဟိုင်စီးတီးမှ စုဝန်ခရိုင်အထိ ကမ်းရိုးတန်းဒေသများသို့ လေတိုက်နှုန်း တစ်စက္ကန့်လျှင် မီတာ ၄၀ မှ ၅၅ အထိ တိုက်ခတ်နိုင်ကြောင်း ထိုပြည်နယ်မိုးလေဝသစောင့်ကြည့်လေ့လာရေးဌာနက ပြောကြားသည်။
တိုင်ဖွန်းမုန်တိုင်းသည် မိုးသက်မုန်တိုင်းများနှင့် လေပြင်းများတိုက်ခတ်နိုင်ကာ အချို့နေရာများတွင် အလွန်အမင်းမိုးရွာသွန်းမှုများနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ဗဟိုလမ်းကြောင်းတွင် လေတိုက်နှုန်း တစ်စက္ကန့်လျှင် မီတာ ၆၀အထိ ကြုံတွေ့နိုင်ကြောင်း ဖော်ပြထားသည်။
ပြည်နယ်ရေကြီးမှု၊ မိုးခေါင်မှုနှင့် လေတိုက်ခတ်မှု ထိန်းချုပ်ရေးဌာနချုပ်က အဓိကထိခိုက်သည့်ဒေသများတွင် အတန်းများ၊ အလုပ်များ၊ ကုန်ထုတ်လုပ်မှု၊ အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ထားပြီး အမြင့်ဆုံးစံချိန်စံညွှန်းများ၊ တင်းကျပ်သော လိုအပ်ချက်များနှင့် ခိုင်မာသော အစီအမံများနှင့်အညီ လုပ်ဆောင်ရန် ဒေသဆိုင်ရာများနှင့် ဌာနများအားလုံးကို တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


