ပေကျင်း   စက်တင်ဘာ   ၈

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ စက်တင်ဘာ ၈ ရက်တွင်   တိုင်ဖွန်းမုန်တိုင်း   တားဖ ဝင်ရောက်တိုက်ခတ်သဖြင့်   မြေပြိုမှုဖြစ်ပွားပြီး ပြည်နယ်အတွင်းရှိ ကျောင်းများကို ပိတ်ထားရကာ ဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်။

ယင်းတိုင်ဖွန်းမုန်တိုင်းသည် တိုင်ရှန်မြို့ ကမ်းခြေသို့ လေတိုက်နှုန်း တစ်စက္ကန့်လျှင် မီတာ ၃၀ နှုန်းဖြင့်   နံနက်  ၈ နာရီ  မိနစ်  ၅၀ တွင် တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် တိုင်ရှန်မြို့ရှိ ကျောင်း ၁၈၂ ကျောင်းကို ပိတ်ထားရပြီး   ဂျိုင်မန်မြို့ရှိ‌ ဒေသခံ ၄၁၀၀၀ ကို ဘေးလွတ်ရာသို့ ‌ရွှေ့ပြောင်းခဲ့ရသည်။ ဂျိုင်မန်မြို့ ကမ်းရိုးတန်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များနှင့် ရေယာဉ်များ ကို  ဂျိုင်မန်ရေကြောင်းဗျူရိုက တာဝန်ပေးထားသည်။ တိုင်ရှန်မြို့တွင်လည်း ကယ်ဆယ်ရေးဝန်ထမ်း ၃၃၀၀ ကို တာဝန်ပေးထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ