အစ္စတန်ဘူလ်  အောက်တိုဘာ  ၁၆

တူကီယဲနိုင်ငံ၏   လူဦးရေအထူထပ်ဆုံးနှင့်   စက်မှုလုပ်ငန်းလုပ်ကိုင်ရာ    ဗဟိုချက်ဖြစ်သော     နိုင်ငံအနောက်မြောက်ပိုင်း  မာမာရာဒေသတွင်  ဆိုးရွားပြင်းထန်သောမိုးခေါင်ရေရှားမှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း၊ ရေလှောင်ကန်များ၏ ရေမျက်နှာပြင်များမှာ စံချိန်တင်အနိမ့်ဆုံးအဆင့်သို့  ကျဆင်းလာပြီဖြစ်သောကြောင့် မြို့ကြီးများတစ်လျှောက်  အရေးပေါ်အစီအမံများ ဆောင်ရွက်ရန်   တိုက်တွန်းထားကြောင်း သိရသည်။

စံချိန်တင်အနိမ့်ဆုံးကျဆင်း

မာမာရာပင်လယ်၏  တောင်ဘက်ဗဟိုအချက်အချာကျသော  ဘူဆာမြို့   ရေလှောင်ကန်များမှ ရေသိုလှောင်မှုပမာဏမှာ တစ်နှစ်တာကာလအတွင်း ၂၃     ရာခိုင်နှုန်းမှ  စံချိန်တင်အနိမ့်ဆုံးဖြစ်သည့်   ၀ ဒသမ  ၆၇  ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

မကြာသေးမီကလေ့လာချက်တစ်ခုတွင်ဥလူဒါဂ်တောင်ရှိ စမ်းရေတွင်း ၁၀ တွင်းအနက် ခြောက်တွင်းမှာ ရေခန်းခြောက်သွားပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် တွင်းများမှာလည်း ရေထွက်အား ၈၀   ရာခိုင်နှုန်းလျော့ကျသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ရေ ကုဗမီတာ ၁၀၀၀၀၀ ခန့် ချွေတာနိုင်

ဘူဆာမြို့   ရေနှင့်   မိလ္လာစီမံခန့်ခွဲရေးအဖွဲ့က ခရိုင်ခြောက်ခုတွင် မရှိမဖြစ်လိုအပ်သော ဌာနများကို ချန်လှပ်ကာ    ၁၂  နာရီကြာ အလှည့်ကျရေဖြတ်တောက်မှုစနစ်ကို လုပ်ဆောင်လျက်ရှိကြောင်း ပြောသည်။   ထို့အပြင်  ထိုကဲ့သို့လုပ်ဆောင်မှုက  နေ့စဉ် ရေပမာဏ  ကုဗမီတာ ၁၀၀၀၀၀ ခန့် ချွေတာနိုင်မည် ဟု ခန့်မှန်းထားသည်။

တူကီယဲနိုင်ငံ၏   အကြီးဆုံးမြို့တော်  အစ္စတန်ဘူလ်မြို့ရှိ ရေလှောင်ကန်များ၏ ရေမျက်နှာပြင်မှာလည်း သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊  ရေလှောင်ကန်အများအပြားမှာလည်း  ရေသိုလှောင်နိုင်စွမ်း ၁၀ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။      

ဆင်ဟွာ