အစ္စတန်ဘူ အောက်တိုဘာ ၂၆

တူကီယဲနိုင်ငံမှ တပ်ဖွဲ့များ ဆုတ်ခွာမည်ဖြစ်ကြောင်း ကာဒစ္စတန်လုပ်သားပါတီက အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခများဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် တပ်ဖွဲ့များကို တူကီယဲနိုင်ငံမှ ဆုတ်ခွာခြင်းဖြစ်ကြောင်း ၎င်းပါတီက ပြောကြားသည်။

ကာဒစ္စတန်လုပ်သားပါတီတပ်ဖွဲ့များ  လက်နက်စွန့်လွှတ်ခြင်းသည် အကြမ်းဖက်မှုကင်းစင်သည့် တူကီယဲနိုင်ငံဖြစ်လာရေးအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း တူကီယဲအာဏာရ တရားမျှတခြင်းနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ အိုမာဆီလစ်က လူမှုမီဒီယာအိက်စ်တွင်   ပြောကြားသည်။

၁၉၈၄ ခုနှစ်မှစတင်၍ တူကီယဲနိုင်ငံအား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့သည့် ကာဒစ္စတန် လုပ်သားပါတီသည် ယခုနှစ်မေလမှစတင်၍ လက်နက်စွန့်လွှတ်ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကာဒစ္စတန်လုပ်သားပါတီမှ အဖွဲ့ဝင်များသည် ပထမအသုတ်အဖြစ် ဇူလိုင်လအတွင်းက စတင်၍ လက်နက်ချခဲ့သည်။ ကာဒစ္စတန်လုပ်သားပါတီကို တူကီယဲ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ