နေပြည်တော်၊ ဇူလိုင် ၂၉

 

အန်းဒရွိုက်ဖုန်းနှင့်   တက်ဘလက်များအတွက် တယ်လီဂရမ်အက်ပလီကေးရှင်းဗားရှင်း  Version 10.14.0  မှ  10.14.4 အထိတွင်  အန္တရာယ်ရှိသော လုံခြုံရေးအားနည်းချက်ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါအားနည်းချက်သည် အက်ပလီကေးရှင်း၏ Video Handler အစိတ်အပိုင်းရှိ Input ထည့်သွင်းခြင်း  အမှားတစ်ခုကြောင့်ဖြစ်ကာ  ဟက်ကာများအား အဝေးမှတိုက်ခိုက်ခြင်းကို  ဆောင်ရွက်စေနိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ MMCERT က ဇူလိုင် ၂၄  ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါ အားနည်းချက်ကြောင့် အက်ပလီကေးရှင်း သုံးစွဲသူမသိရှိဘဲ အဖျက်အမှောင့် App များကို ဖုန်းတွင် အလုပ်လုပ်နိုင်စေရန်အတွက် ဟက်ကာများအား ဗီဒီယိုဖိုင်များကို စိတ်ကြိုက်စီမံခွင့်ပြုစေပြီး သုံးစွဲသူ၏ အချက်အလက်များအပေါ် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေနိုင်ကြောင်း၊ ဟက်ကာများသည် အထူးပြုလုပ်ထားသော ဗီဒီယိုဖိုင်များကို ပို့ခြင်းဖြင့် ဤအားနည်းချက်ကို တိုက်ခိုက်နိုင်ပြီး အဆိုပါဗီဒီယိုဖိုင်အားဖွင့်ရန် ဆောင်ရွက်သည့်အချိန်တွင် အဖျက်အမှောင့်ကုဒ်များကို လုပ်ဆောင်စေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါတိုက်ခိုက်မှုမှ လျော့ပါးစေရေးအတွက် တယ်လီဂရမ် အက်ပလီကေးရှင်း အသုံးပြုသူများအနေဖြင့် ယင်းအားနည်းချက် ဖြေရှင်းပေးနိုင်သည့် တယ်လီဂရမ်ဗားရှင်း 10.14.5 သို့ ချက်ချင်းအပ်ဒိတ်လုပ်ရန်၊ မီဒီယာဖိုင်များကို အလိုအလျောက် ဒေါင်းလုပ်ဆွဲခြင်းကို ပိတ်ထားရန်၊ မိမိတို့၏ အသိအကျွမ်းများ ထံမှဖြစ်စေကာမူ ဗီဒီယိုဖိုင်များကို လက်ခံရရှိချိန်တွင် သတိထားရန်နှင့် နောက်ထပ်ဆော့ဖ်ဝဲများ သို့မဟုတ် ဗီဒီယိုပလေယာများကို Install ပြုလုပ်ရန် တောင်းဆိုသည့်အချက်များကို စစ်ဆေးရန် စသည့်အချက်များကို MMCERT က အကြံပြုထားသည်။

 

ဤလုံခြုံရေး အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ဆက်သွယ်တိုင်ကြားလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဖုန်းနံပါတ် ဖြစ် သော ၀၆၇-၃၄၂၂၂၇၂ သို့ ဖုန်းဆက်၍ ဖြစ်စေ၊ infoteam@mmcert.org.mm နှင့် incident@ncsc.gov.mm တို့သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်းလည်း MMCERT က ကြေညာ ထားသည်။

 

ကိုစိုး