ရန်ကုန် ဩဂုတ် ၁၉
U12 JUNIOR SOCCER WORLD CHALLENGE 2025 ပြိုင်ပွဲ အုပ်စုပထမနေ့ကို သြဂုတ် ၁၉ ရက်က ဂျပန်နိုင်ငံ ချီဘာမြို့၌ စတင်ကျင်းပရာ မြန်မာ ယူ-၁၂ အသင်း တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
အုပ်စုပထမနေ့တွင် မြန်မာအသင်းသည် နှစ်ပွဲကစားရပြီး ပထမပွဲတွင် ဂျပန်ကလပ် ဗီဂယ်တာ ဆန်ဒိုင်း ဂျူနီယာအသင်းနှင့် ဂိုးမရှိသရေကျပြီး ဒုတိယပွဲတွင် ဂျပန်ကလပ် ရှိုနန်ဘယ်မဲလ် အကယ်ဒမီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပြိုင်ပွဲကို အသက် ၁၂ နှစ်အောက် လူငယ်ဘောလုံးသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် ဘောလုံးပွဲတော် ပုံစံကျင်းပခြင်းဖြစ်ပြီး တစ်နေ့လျှင် နှစ်ပွဲမှ သုံးပွဲအထိ ကစားရခြင်းဖြစ်သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (D)၌ ပါဝင်နေပြီး သြဂုတ် ၂၀ ရက်တွင် အုပ်စုဒုတိယနေ့ အဖြစ် ဂျပန်ကလပ်အသင်းများဖြစ်သော တိုကျိုဗာဒီအသင်း၊ အီကိုနိုအသင်းတို့နှင့် နှစ်ပွဲကစားရမည်ဖြစ်သည်။
ပြိုင်ပွဲကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပလျက်ရှိပြီး ဥရောပနာမည်ကြီးကလပ် ဘာစီလိုနာလူငယ်အသင်းအပါအဝင် အသင်းစုစုပေါင်း ၄၀ ဝင်ရောက်ယှဉ်ပြိုင်နေကာ ငါးသင်း ရှစ်အုပ်စုခွဲ၍ ပြုလုပ်နေခြင်းဖြစ်သည်။ အုပ်စုပွဲများအပြီးတွင် အဆင့်သတ်မှတ်ချက် ပွဲများနှင့် ရှုံးထွက်ပွဲများ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် သုံးနှစ်ဆက်တိုက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - MFF


