UFC 319 ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲအဖြစ် မြန်မာစံတော် ချိန် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်ချန်ပီယံ ဒူးပလာဆစ်နှင့် မစ်ဒယ်ဝိတ် အဆင့် (၃) ရှိ ခမ်းဇတ်ချီမာယက်ဗ် ပွဲစဉ်တွင် ခမ်းဇတ်ချီမာယက်ဗ်က အမှတ်ပေး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ခါးပတ်ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ခမ်းဇတ်ချီမာယက်ဗ်သည် ၎င်း၏ အားသာချက်ဖြစ်သည့် နပမ်းစွမ်းရည်ကို အပြည့်အဝအသုံးချကာ လက်ရည်အသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ၎င်းသည် ပွဲအစပိုင်းကတည်း က ပလာဆစ်ကို လှဲချကာ ချုပ်ကွက်ဖြင့် နိုင်ပွဲရရှိရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ငါးမိနစ် ငါးချီယှဉ်ပြိုင်ကစားရသည့် အဆိုပါပွဲစဉ်တွင် ချီမာယက်ဗ်သည် မိနစ် ၂၀ ကျော်ကြာ မြေပြင်တွင် ထိရောက်သည့်ချုပ်ကွက်ဖြင့် ပလာဆစ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ပွဲချိန်တစ်လျှောက်တွင်လည်း ပလာဆစ်သည် ပြိုင်ဘက်ချီမာယက်ဗ်၏ ထိုးသတ်တိုက်ခိုက်မှုများကို ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ခုခံကာကွယ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရ သည်။
တောင်အာဖရိက တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သော ပလာဆစ်သည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ရှုံးပွဲ သုံးပွဲရှိလာပြီ ဖြစ်သည်။ ချီမာယက်ဗ်က ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ၁၅ ပွဲအထိ နိုင်ပွဲရရှိကာ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
မိုးဇက် - စုစည်းရေးသားသည်


