ရန်ကုန် အောက်တိုဘာ ၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမား မောင်ဟိဏ်းထွဋ်သည် အောက်တိုဘာ ၂ ရက်မှ ၅ ရက်အထိ ယူဂန္ဓာနိုင်ငံတွင် ကျင်းပခဲ့သော Uganda International Series 2025 ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ(ရွှေ)တံဆိပ်ဆုရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ အမျိုးသားတစ်ဦး ချင်းပြိုင်ပွဲတွင် မြန်မာကစားသမား ဟိဏ်းထွဋ်က ယူအေအီး နိုင်ငံမှ ကစားသမားနှင့် အိန္ဒိယနိုင်ငံမှ ကစားသမားသုံးဦးတို့ကို အနိုင်ရရှိကာ ဗိုလ်လုပွဲတွင် မလေးရှားကစားသမားကို ၂၁ မှတ် ၁၄ မှတ်၊ ၂၁ မှတ် ၉ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိပြီး စုစုပေါင်း ငါးပွဲအနိုင်ဖြင့် ပထမရွှေတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာမှ ဟိဏ်းထွဋ်က ပထမ(ရွှေ)၊ မလေးရှားက ဒုတိယ(ငွေ)၊ အိန္ဒိယက တတိယ(ကြေး)တို့ရရှိခဲ့ကြသည်။
ယင်း Uganda International Series 2025 ကြက်တောင်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမား ဟိဏ်းထွဋ်သည် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
လင်းရာမ


