နေပြည်တော် စက်တင်ဘာ ၈

 

ဥပဒေသုတေသနအဖွဲ့၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေး၌ “မြန်မာနိုင်ငံတွင် ဥပဒေသုတေသန (Legal Research) များ အားကောင်းရန် လိုအပ်ကြောင်း၊ သို့မှသာ တရားဥပဒေစိုးမိုးရေးအတွက် မှန်ကန်သော ဥပဒေအတွေးအမြင် ဗဟုသုတများ ပေါ်ထွက်လာမှာ ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေသုတေသနလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို မဟာဗျူဟာရည်မှန်းချက်အဖြစ် ထားရှိပြီး ၂၀၁၆ ခုနှစ်ကပင် စတင်ခဲ့ရာ ယခုအခါ အဖွဲ့ဝင် ၇၁ ဦးဖြင့် ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စာတမ်းများ ပြုစုပြီးလျှင် စုစည်း၍ သုတေသနဂျာနယ်များ၊ စာတမ်းပေါင်းချုပ်များ ထွက်ရှိမှာဖြစ်ကြောင်း၊ စိန်ခေါ်မှုရှိသည့် ဥပဒေပြဿနာ များကို ဦးစားပေး လေ့လာသုတေသန ပြုသင့်ကြောင်း၊ ယခုအခါ ပထမအကျော့ ရေးသားထားသော စာတမ်းများ ပြီးစီးပြီဟု သိရှိရကြောင်း၊ ဥပဒေသုတေသနအဖွဲ့အတွက် စံလုပ်ငန်းစဉ်ပြုစုပြီးလည်း ဖြစ်ကြောင်း၊   ဥပဒေသုတေသနလုပ်ငန်း အဖွဲ့အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနကို ပြည်သူများ ယုံကြည်ကိုးစားပြီး အားကိုးရသည့် စံပြအဖွဲ့အစည်းတစ်ခုဖြစ်စေရေး၊ အရည်အသွေးပြည့်ဝသော ဥပဒေရေးရာဝန်ဆောင် မှုများပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး တိုးတက်အားကောင်းလာစေရေး၊ တရားမျှတမှုကို ပြည်သူ အားလုံးလက်လှမ်း မီစေရေး၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး အရည်အချင်း ပြည့်မီသော ဥပဒေ အရာရှိများဖြစ်စေရေးအတွက် အထောက်အပံ့ပြုနိုင်မည့် ဥပဒေသုတေသနစာတမ်းများ ပြုစုရန် လိုအပ်ကြောင်း” ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။

 

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဥပဒေသုတေသန အဖွဲ့၏ လုပ်ငန်းအဖွဲ့ဝင်များနှင့် ဥပဒေသုတေသနဌာနစိတ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်