နေပြည်တော် ၁၅ ဖေဖော်ဝါရီ
ဥပ္ပါတသန္တိစေတီတော်၌ (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဗဟိုကော်မတီနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စေတီတော် ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေး ဗဟိုကော်မတီနှင့်စီမံခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက အမှာစကား ပြောကြားပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြကြသည်။
ဥပ္ပါတသန္တိစေတီတော်၏ (၁၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ မတ် ၁၂ ရက်မှ ၁၆ ရက်အထိ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ မတ် ၁၉ ရက် ညနေပိုင်းတွင် ဩဝါဒါ စရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း၊ မတ် ၂၀ ရက်(တပေါင်းလပြည့်နေ့) နံနက်ပိုင်းတွင် ရွှေကြာသင်္ကန်း ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးတင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာ တင်ခြင်းနှင့် ညပိုင်းတွင် ဆီမီး (၉၀ဝ၀) ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး မတ် ၁၄ ရက် မှ ၂၀ ရက်အထိ ပွဲတော်ကွင်းအတွင်း၌ ဇာတ်သဘင်၊ ပျော်ပွဲ/ရွှင်ပွဲများ၊ ဈေးဆိုင်ခန်းများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မောင်မင်းနိုင်


