ပါရီ ဒီဇင်ဘာ ၁၀

ပြင်သစ်ကားကုမ္ပဏီ ရီနော့နှင့် အမေရိကန် ကားကုမ္ပဏီဖြစ်သည့် ဖို့ဒ်တို့သည် ဥရောပဈေးကွက် တွင် လျှပ်စစ်ကားထုတ်လုပ်ရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းမှုပြုလုပ်ခဲ့ကြသည်။

ဥရောပဝယ်သူများအတွက် ဖို့ဒ်တံဆိပ်နှင့်ကွဲပြားသော လျှပ်စစ်ကားနှစ်မျိုးထုတ်လုပ်ရန် ရည်ရွယ်၍ မိတ်ဖက်သဘောတူညီချက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီက ဒီဇင်ဘာ ၉ ရက် တွင် ပြောသည်။ အဆိုပါ ကားမော်ဒယ်အသစ်များကို ဖို့ဒ်ကုမ္ပဏီက ဒီဇိုင်းထုတ်၍ ရီနော့ကုမ္ပဏီ က ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် ထုတ်လုပ်သွားမည်ဖြစ်သည်။

အဆိုပါ ကားမော်ဒယ်အသစ်များကို ၂၀၂၈ ခုနှစ် အစောပိုင်းတွင် ကားပြခန်း၌ ပြသနိုင်ရန် မျှော်မှန်းထားသည်။ အမှတ်တံဆိပ်နှစ်ခုစလုံးအတွက် အပေါ့စား လုပ်ငန်းသုံးယာဉ်များ ထုတ် လုပ်နိုင်ရန် အခွင့်အလမ်းများ ရှာဖွေနေကြောင်း ကုမ္ပဏီနှစ်ခုစလုံးက ပြောသည်။

ဥရောပရှိ ဈေးကွက်နှစ်ခုစလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းကို ယခုလိုပူးပေါင်းမှုက တိုးမြှင့်ပေး နိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် BYD သည် ဇန်နဝါရီလမှ အောက်တိုဘာလအထိရောင်းအား သုံးဆကျော်ရှိသည်ဟု ဥရောပကားထုတ်လုပ်ရေး အဖွဲ့အစည်းက ပြောသည်။

အင်န်အိတ်ချ်ကေ