လက်ရှိအချိန်သည်    နေ၏   ၁၁ နှစ်တာ  ရာသီစက်ဝန်းထဲ၌ လှုပ်ရှားမှုအများဆုံးအချိန်ကို    ကျော်လွန်သွားပြီဖြစ်သော်လည်း ဥတ္တရအလင်းများမှာ နောက်နှစ်နှစ်အတွင်း ဆက်လက်အားကောင်းနေမည်ဖြစ်ကြောင်း နက္ခတ္တဆရာများက ခန့်မှန်းပြောကြားလိုက်သည်။

ဥတ္တရအလင်းဆိုသည်မှာ ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများက မြင်ရသည့် ကောင်းကင်ပေါ်မှ အလွန် လှပသော အလင်းတန်းများဖြစ်သည်။ အလွန်လှပသလို တစ်ချိန်နှင့်တစ်ချိန်မတူဘဲ အမျိုးမျိုးပြောင်းလဲနေသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်ပြီး ဝါသနာအလျောက် ဥတ္တရအလင်းလိုက်ကြည့်သူများလည်း သပ်သပ်ရှိကြသည်။

ထိုအလင်းတန်းများမှာ နေမှလာသော လျှပ်စစ်ဓာတ်ဆောင်အမှုန်များနှင့် ကမ္ဘာလေထုအပေါ်ခြမ်းမှ ဓာတ်ငွေ့များတိုက်မိပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့သံလိုက်စက်ကွင်း၏ အကာအကွယ်ပေးထားမှုကြောင့်သာ အဆိုပါ လျှပ်စစ်ဓာတ်ဆောင်အမှုန်များသည် ကမ္ဘာမြေပေါ်သို့   တိုက်ရိုက်မရောက်ခြင်းဖြစ်သည်။ သံလိုက်စက်ကွင်းကြောင့် အန္တရာယ်မဖြစ်သည့်အပြင် လူသားတို့အတွက် လှပသောမြင်ကွင်းများကို ခံစားခွင့်ရစေသည်ဟုပင် ဆိုနိုင်သည်။

နေမှ လျှပ်စစ်ဓာတ်ဆောင်အမှုန်များ ကမ္ဘာသို့ ရောက်လာသည့် ပမာဏမှာ တစ်ချိန်နှင့်တစ်ချိန် မတူပေ။  ပညာရှင်များက  ယင်းကို လေ့လာမှတ်သားထားပြီး ၁၁ နှစ်တာ ရာသီစက်ဝန်းအဖြစ် လက်ခံထားကြသည်။ ထိုရာသီစက်ဝန်းအတွင်း နေမျက်နှာပြင်၌ လှုပ်ရှားမှုအများဆုံးအချိန်နှင့် လှုပ်ရှားမှုအနည်းဆုံးအချိန်တို့ကိုပါ တွက်ချက်ထားသည်။ လှုပ်ရှားမှုများချိန်တွင် ဥတ္တရအလင်းတို့ ပိုမိုတောက်ပပြီး လှုပ်ရှားမှုနည်းသွားလျှင် ဥတ္တရအလင်းများမမြင်ရတော့ မည်ကိုစိုးရိမ်မှုများရှိနေ သည်။ ယခု ၂၀၂၅ ခုနှစ်မှာ နေမျက်နှာပြင် အမြင့်ဆုံးလှုပ်ရှားသည့်ကာလကို   ကျော်လွန်သွားပြီ ဖြစ်၍   ထိုစိုးရိမ်မှုများမှာလည်း မြင့်တက်လာသည်။

ယခု  နော်ဝေးအာကာသအေဂျင်စီမှ နေဆိုင်ရာ ရူပဗေဒပညာရှင် ပါးလ်ဘရက်ကေးက နေမျက်နှာပြင် လှုပ်ရှားမှုအားနည်းသွားသော်လည်း     လာမည့်နှစ်နှစ်အတွင်း    ဥတ္တရအလင်းများ ဆက်လက်အားကောင်းနေဦးမည်ဟု ဥတ္တရအလင်း ဝါသနာရှင်များအား အားပေးလိုက်ခြင်းဖြစ်သည်။   “ဥတ္တရအလင်း လိုက်ကြည့်သူတွေအတွက် သတင်းကောင်းပါ။ နေလှုပ်ရှားမှုအမြင့်ဆုံးအချိန်ကို ကျော်လွန်သွားပြီဖြစ်ပေမယ့် နောက်နှစ်အနည်းငယ်အတွင်းတော့ ဥတ္တရအလင်းတွေ ဆက်အား ကောင်းနေဦးမှာပါ”ဟု သူက ဆိုသည်။

အာကာသ ရာသီဥတုဆိုင်ရာ ရူပဗေဒပညာရှင် တမီသာ စကော့ဗ်ကလည်း “နေမျက်နှာပြင်လှုပ်ရှားမှု အကျပိုင်းကိုရောက်နေတဲ့အချိန်ဆိုပေမယ့် နေမျက်နှာပြင်မှာ သံလိုက်မုန်တိုင်းတွေ ပိုဖြစ်လာလေ့ ရှိပါတယ်။ ကျွန်မတို့မှာက ကော်ရိုနာတွင်းပေါက်တွေကလည်း ရှိထားပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီသံလိုက်မုန်တိုင်းတွေနဲ့ ကော်ရိုနာတွင်းပေါက် နှစ်မျိုးပေါင်းလိုက်ချိန်မှာ ဥတ္တရအလင်းတွေကို ဆက်ပြီးမြင်တွေ့ခွင့်ရစေမှာပါ”ဟု ရှင်းပြသည်။

နေလှုပ်ရှားမှု အမြင့်ဆုံးအချိန်ကို ကျော်လွန်လာပြီး အနိမ့်ဆုံးအချိန်သို့မရောက်မီ ပြင်းထန်သည့် လှုပ်ရှားမှုအနည်းငယ်ဖြစ်တတ်သည်ဟုလည်း ပညာရှင်များက ဆိုသည်။ ယင်းတို့ကို ‘နေ၏ နောက်ဆုံး ပင့်သက်များ’ဟု အမည်ပေးထားသည်။ ထိုပင့်သက်များသည် နှစ်နှစ်အတွင်း ဖြစ်လာနိုင်ပြီး ထိုသို့ဖြစ်လာလျှင် ဥတ္တရအလင်းများ ပိုမိုအားကောင်းလာဦးမည်ဖြစ်သည်။

Ref: Space.com