ဝင်ငွေတိုးပွား အကျိုးများဖို့ နေကြာစိုက်ပျိုးစို့

ကေတာ

သစ္စာရှိခြင်းနှင့် ကြင်နာမြတ်နိုးခြင်းတို့၏ သင်္ကေတဖြစ်သည့် နေကြာပန်းသည် သဘာဝအတိုင်း အရိုင်းဆန်ဆန်ပွင့်လေ့ရှိသည်။ နေကြာပန်းပွင့်သည် နေမင်းကြီးနှင့်တူပြီး နေရှိသည့်အရပ်ကို မျက်နှာမူနေသောကြောင့် မြန်မာအမည်နေကြာပန်း၊ အင်္ဂလိပ်အမည် Sunflower ဟု ခေါ်ဆိုကြသည်။ မင်းသမီးလေးသည် နေကြာပန်းအသွင်ဖြင့် မင်းသားလေးဖြစ်သည့် နေမင်းကြီးကို စောင့်မျှော်လေ့ရှိသည့်အတွက် နေကြာပန်းများသည် နေဘက်သို့မျက်နှာမူ၍ ပွင့်လေ့ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။

နေကြာမျိုးစိတ် ၇၀ ကျော်ရှိ

နေကြာပန်းသည် ရုက္ခဗေဒဘာသာအားဖြင့် မျိုးစု (Genus) Helianthus တွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း ၇၀ ကျော်ရှိသည်။ အရောင်အဆင်းနှင့် ပြည့်စုံသည့် နေကြာပန်းကို ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း အဓိပ္ပာယ်ဖြင့် လက်ဆောင်ပေးလေ့ ရှိသည်။

နေကြာပန်းသည် အဓိပ္ပာယ်ပြည့်ဝလှပသည့် ပန်းအဖြစ်သာမက လူတို့အတွက် အစားအစာများ ပြင်ဆင်ချက်ပြုတ်ရာတွင် မပါမဖြစ် စားသုံးဆီအဖြစ်ပါ ပေးစွမ်းနိုင်သည်။

နှလုံးရောဂါနှင့်ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်

နေကြာဆီသည် မပြည့်ဝဆီဖြစ်ပြီး သင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် သွေးတွင်းအဆီဓာတ်(HDL)ကို မြင့်တက်စေနိုင်ပြီး မကောင်းသည့် အဆီဓာတ်(LDL)ကို လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချို ရောဂါ စသည့်မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်သည်။

နေကြာဆီသည် မှိုပါဝင်မှုမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်း၊ အကြော်ခံခြင်းတို့ကြောင့် ကျန်းမာရေးနှင့် သင့်လျော်သည့် စားသုံးဆီအဖြစ် ဈေးကွက်တွင် လူကြိုက်များ ရေပန်းစားလှသည်။

နေကြာစိုက်ပျိုးမှု အများဆုံးနိုင်ငံများ

ထို့ကြောင့် နေကြာပန်းကို ဆီထွက်သီးနှံအဖြစ် တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလေ့ရှိသည်။ နေကြာစိုက်ပျိုးမှု အများဆုံးနိုင်ငံများမှာ ယူကရိန်း၊ ရုရှားနှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံများတွင် နေကြာသည် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ကာ ယခုအခါ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် တစ်နိုင်ငံလုံး၌ စိုက်ပျိုးလျက်ရှိသည်။

တောင်သူများအနေဖြင့် နေကြာကို စိုက်ပျိုးရန် ရွေးချယ်လာ

စိုက်ပျိုးသူတောင်သူများအနေဖြင့် စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိနိုင်သော သီးနှံဖြစ်သည့်အတွက် နေကြာကို တိုးချဲ့စိုက်ပျိုးရန် ရွေးချယ်လာကြသည်။

နေကြာကို သက်လျင်နှင့် သက်လတ်စပါးမျိုး များ ရိတ်သိမ်းအပြီး မြေအစိုဓာတ် မခန်းခြောက်မီ သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ ယာသီးနှံ များဖြစ်သော မိုးမြေပဲ၊ နှမ်းလျင်၊ သက်လျင်၊ ပဲတီစိမ်းနှင့် ပြောင်းဖူး စသောသီးနှံများ ရိတ်သိမ်းပြီးချိန်၌လည်း သီးထပ်အဖြစ် စိုက်ပျိုးနိုင်သည်။ နေကြာကို ဂျုံ၊ ပဲတီစိမ်း၊ ကြံ၊ ပဲစင်းငုံစသော သီးနှံများ၏ တန်းကြားတွင် သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြသည်။

တောင်သူများသည် နေကြာကို မိုးရာသီ မေလမှ ဇွန်လအတွင်း၊ မိုးနှောင်းရာသီ စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြသည်။ တောင်သူများ အများဆုံး စိုက်ပျိုးသည့်မျိုးများမှာ သဘာဝဝတ်မှုန်ကူးသော မျိုးများဖြစ်သည့် ဆန်ဖိုလာ၊ မဟူရာနှင့် ဆင်းရွှေကြာ-၂ ကဲ့သို့သော မျိုးများဖြစ်သည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၂၉ သန်းရှိပြီး နေကြာစိုက်ပျိုးမှုသည် ၁ ဒသမ ၀၇ သန်း ရှိခဲ့သည်။

ပြည်တွင်းစားသုံးဆီ သုံးစွဲမှုအနေဖြင့် လူတစ်ဦးလျှင် တစ်နှစ်ကို ဆီစားသုံးမှု ၉ ပိဿာနှုန်း စားသုံးမှုရှိပါက ပြည်ပသို့ ဆီထွက်သီးနှံတင်ပို့ခြင်းမပြုဘဲ ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံအားလုံးကို ဆီကြိတ်နိုင်မည်ဆိုလျှင် ဆီဖူလုံမှုမှာ ၁၀၇ ရာခိုင်နှုန်းရှိသည်။ ဆီထွက်သီးနှံ ပြည်ပတင်ပို့မှုကို နုတ်ဖယ်ပြီးတွက်ချက်ပါက ဆီဖူလုံမှု ၉၆ ရာခိုင်နှုန်း ရှိသည်။

ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးမှုကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိ

လက်ရှိအချိန်တွင် ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စားအုန်းဆီများကို ပြည်ပမှ တင်သွင်းနေရပြီး ပြည်သူအများစု အားပြုသုံးစွဲနေရသည့် ဈေးကွက်အတွင်းမှ စားအုန်းဆီများသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစတင်ကာ စားအုန်းဆီတင်သွင်းမှု မပြုတော့ဘဲ ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးမှုကို တိုးတက်အောင်ဆောင်ရွက်၍ ပြည်တွင်းစားသုံးမှုလိုအပ်ချက် ပြည့်မီအောင် နိုင်ငံတော်က ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးအစီအမံများ ချမှတ်ပြီး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည့်စီမံချက်ကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

အထူးဇုန်များ၌ ဆီထွက်သီးနှံနှင့် နေကြာများပါဝင်ရန် လျာထား

စီမံချက်အတွက် အထူးဇုန်များကို နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သတ်မှတ်ဖော်ဆောင်သွားမည်ဖြစ်သည်။ ယင်းအထူးဇုန်များတွင် ဆီထွက်သီးနှံဧက သုံးသန်းကျော် စိုက်ပျိုးမည်ဖြစ်ပြီး နေကြာဧကသုံးသိန်းခွဲကျော်ပါဝင်မည်ဖြစ်ကာ တစ်ဧကအထွက်နှုန်း ၂၅ တင်း ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ရန်လျာထားသည်။

နေကြာသီးနှံသည် ဆီထွက်သီးနှံများတွင် စိုက်ပျိုးရသော မျိုးစေ့ပမာဏနှင့် ထွက်ရှိသော မျိုးစေ့ပမာဏ အချိုးအစားမြင့်မားခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကာလတိုအတွင်း တိုးချဲ့စိုက်ပျိုးရန် အလားအလာကောင်းခြင်း၊ အခြား ဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ပါက ဆီထွက် ရာခိုင်နှုန်းပိုမိုများပြားခြင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း စသည့်အားသာချက်များကြောင့်လည်း တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

တောင်သူများကို သွင်းအားစုများ ထောက်ပံ့

ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံသုံးမျိုးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ တောင်သူများကို ချေးငွေပံ့ပိုးမှုအနေဖြင့် မြေပဲတစ်ဧက ငွေကျပ် သုံးသိန်း၊ နှမ်းတစ်ဧက ငွေကျပ်တစ်သိန်းခွဲ၊ နေကြာတစ်ဧက ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများကို ထောက်ပံ့ပေးခဲ့သည်။

ထိုကဲ့သို့ နိုင်ငံတော်က စိုက်ပျိုးရေးအတွက် လိုအပ်သည့် သွင်းအားစုများကို ကူညီထောက်ပံ့ပေးခြင်းဖြင့် တောင်သူများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်ပြီး ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လာမည်ဖြစ်သည်။

ကျန်းမာရေးနှင့်ညီညွတ်သော နေကြာဆီကို ပြည်သူများ အသုံးပြုလာ

ထို့ပြင် ပြည်ပမှ စားအုန်းဆီကို တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်မည်ဖြစ်သလို ပြည်သူများအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော နေကြာဆီကို သင့်တင့်သောဈေးနှုန်းဖြင့် အသုံးပြုလာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နေကြာတိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းသည် တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များအတွက် ဝင်ငွေရတွက်ခြေကိုက်သကဲ့သို့ ထုတ်လုပ်မှုကွင်းဆက်အတွင်း ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည် ဖြစ်သည့်အတွက် ဝင်ငွေတိုးပွားအကျိုးများဖို့ နေကြာစိုက်ပျိုးကြပါစို့ဟု တိုက်တွန်းရေးသားလိုက် ရပါသည်။ ။