မလှိုင် ၁၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ မြို့အဝင် လမ်အသုံးပြုခ ကောက်ခံသည့် ဂိတ်မှာ ဆိုင်ကယ် သွားလမ်းတစ်ဘက်တည်း ဖြစ်နေ၍ ယာဉ်အန္တရာယ်ဖြစ်ပေါ်စေနိုင်သောကြောင့် အမြန်ဆုံး ဖယ်ရှားပေး ရန် ဒေသခံပြည်သူများ မျှော်လင့်နေကြောင်း သိရသည်။
မလှိုင်မြို့အဝင် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်စခန်းမှာ မိတ္ထီလာ-မလှိုင်-မြင်းခြံ သွားကားလမ်းဘေးတွင် တည်ရှိပြီး မိတ္ထီလာမှ မလှိုင်မြို့အဝင် ကုန်းတဲကျေးရွာအနီးတွင်(ဒေသအခေါ်-လမ်းဆုံ)တွင်တည်ရှိကာ မလှိုင်မြို့သို့ လာရောက်၍ ဈေးဝယ်ယူကြသည့် အနီးအနားရှိ ကျေးရွာများမှ ခရီးသွားများမှာ ဆိုင်ကယ်များကို အသုံးပြုကြသည်မှာ များပြားလှသဖြင့် အဆိုပါဂိတ်ရှိ ဆိုင်ကယ်သွားလမ်းအား ဂိတ်၏ အရှေ့ဘက်ခြမ်း တစ်ခြမ်းတည်းသာပေးထားသဖြင့် ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်သောကြောင့် ဒေသခံတို့မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်ပေါ်နေကြောင်း သိရသည်။
"မလှိုင်မြို့ဝင်ဂိတ်မှာက ဆိုင်ကယ်သွားဖို့ လမ်းကို တစ်ဖက်တည်း ပေးထားတာလေ။အခြားမြို့တွေဆို ဆိုင်ကယ်သွားလမ်းက ဘယ်/ညာ ပါတယ်။မလှိုင်ဂိတ်ကျ တစ်ဖက်ထဲဖြစ်နေတော့ ဘယ်ဘက်ကလာတဲ့ ဆိုင်ကယ်ယာဉ်မောင်းတွေဖြစ်ဖြစ် ဒီတစ်လမ်းထဲသုံးနေရတော့ ယာဉ်အန္တရာယ် သိပ်များတဲ့အတွက် အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်။ ဒါမှမဟုတ်လည်း ဒီဂိတ်ကို ဖယ်ရှားပေးပြီး အခြားတစ်နေရာကို ပြောင်းရွှေ့တာ မျိုးဖြစ်ဖြစ် ဆောင်ရွက်ပေးစေချင်ပါတယ်"ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
မိတ္ထီလာ-မြင်းခြံ ကားလမ်းမှာ (၅၄)မိုင်ရှည်လျားပြီး အဆိုပါ BOD စနစ်ဖြင့်ပေးထားသော လမ်း အသုံးပြုခ ကောက်ခံရေးဂိတ်မှာ မြင်းခြံအဝင် (၅၁) မိုင်၌ ဂိတ်တစ်ခုရှိပြီး မိတ္ထီလာမှ မြင်းခြံ မိုင် (၅၀) အတွင်း ဂိတ်နှစ်ရှိနေသည်ကိုလည်း တွေ့ရသည်။
မလှိုင်မြို့ဝင် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှာ BOD စနစ်၏ စည်ကမ်းချက်များနှင့် အညီကိုက်ညီခြင်းမရှိဘဲ အပိုဖြစ်နေသော မလှိုင်မြို့ဝင်ဂိတ်အား ဖယ်ရှားပေးရန် မလှိုင်မြို့ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။
ဘိုဘို(မလှိုင်)


