ပလောက်  ၁၅   ဖေဖော်ဝါရီ    


တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ တွင် ပြည်သူများ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီက ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက် ၊ တံတားထိပ်၌ မော်တော်ဆိုင်ကယ်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင်  ပလောက်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်မြင့်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စာရေးများက မော်တော်ဆိုင်ကယ်များတွင် လိုင်စင်များ၊ ယာဉ်မောင်း လိုင်စင်များ ရှိ/မရှိနှင့် သက်တမ်းတိုး ဆောင်ရွက်ထားခြင်း ရှိ/မရှိ ၊ဆိုင်ကယ်စီးဦးထုတ် မပါခြင်း၊ မေးသိုင်းကြိုး မတပ်ခြင်း၊  နောက်ကြည့်မှန် တပ်ဆင်မှု၊ ဆိုင်ကယ်နံပါတ်ပြား  တပ်ဆင်မှုတို့ကို စစ်ဆေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လိုက်နာနိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။


ဆက်လက်ပြီး ပလောက်မြို့၊ ပြည်ခြားကျေးရွာ၊ တံတားထိပ်၌ အလားတူ မော်တော် ဆိုင်ကယ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။


MDN