သျှင်ဝင်းသျှင်၊ ဓာတ်ပုံ-တင်ဝင်းတင်

စာရေးသူ တို့နေထိုင်ရာ ရန်ကုန်မြို့ ကြီးက တစ်နေ့တခြား ယာဉ်ကြောကျပ်တည်းမှုက ပိုပိုလာတယ်လို့ ဆိုရမှာပါ။

ကူးစက်ရောဂါတစ်ခုလို ပထမတော့ မြို့ထဲပိုင်း နောက်တဖြည်းဖြည်း နှစ်တွေကြာလာတာနဲ့အမျှ မြို့ပြင် မြို့နယ် အတော်များများမှာပါ ရောဂါတစ်ခုအသွင်ပမာ ဖြစ်ပေါ် လာခဲ့ပါတယ်။

ရှေ့အစိုးရလက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ ပြည်သူ့ရင်ပြင်ထဲက ကွန်ထရိုး စင်တာကြီးကလည်း ဒီကနေ့တိုင် အထောက်အကူ ပြည့်စုံစွာ မရနိုင်သေးပါဘူး။ ပြီးခဲ့တဲ့လပိုင်းက စမ်းသပ်မှုတွေ ပြုခဲ့ကြပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ် လို့ သိရပြန်ပါတယ်။

တစ်ထောင့်တစ်နေရာ

တစ်မြို့လုံးနီးပါး မဟုတ်ပေမယ့် ယာဉ်ကြောကျပ်တည်းမှုကို ခေါင်းကိုက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အကြံတစ်ခုလောက် ပေးချင်ပါတယ်။ တစ်ထောင့်တစ်နေရာအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တစ်နေရာတည်းဟု ဆိုသော်လည်း ထိုတစ်နေရာတည်းက အကျပ်အတည်း၊ စောင့်ဆိုင်းကြန့်ကြာနေမှုဟာ အဆင်ပြေ ချောမွေ့သွားမယ်ဆိုရင် အဲဒီလမ်းကြောမှ တစ်ဆက်တည်း နောက်တစ်နေရာအတွက်ပါ အထောက်အကူဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

အဲဒါက ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းမ ကြီးတစ်လျှောက် ညနေပိုင်း ယာဉ်ကြောကျပ်တည်းမှုဟာ လွန်ခဲ့တဲ့ သုံးလေးနှစ်က စတင်လာခဲ့တယ်လို့ မှတ်မိနေပါသေးတယ်။ အခု မကြာခဏဆိုသလိုပဲ နေ့လယ်ပိုင်း၊ နံနက်ပိုင်းအချိန်တွေပါ ယာဉ်ကြောက ကျပ်ကျပ်လာပါပြီ။

အဲဒီ ကြည့်မြင်တိုင်အောက် လမ်းမကြီးပေါ်မှာ ယနေ့ ခရီးသည်တင် လိုင်းကားကြီးများဖြစ်တဲ့ YBS ၂၂၊ ၄၁၊ ၃၀၊ ၅၉၊ ၉၄၊ ၉၈၊ ၈၀ တို့က နေ့စဉ် ပြေးဆွဲပေးလျက် ရှိနေပါတယ်။

အခြားကိုယ်ပိုင်ယာဉ်ကြီး၊ ယာဉ်ငယ်တွေ၊ အငှားတက္ကဆီ ယာဉ်တွေက စက္ကန့်မလပ် မောင်းနှင်နေကြပါတယ်။ ဗားကရာ မီးပွိုင့် တစ်ကြိမ်မိလိုက်တာနဲ့ ယာဉ်ကြောဟာ ဗားကရာမီးပွိုင့်ကစလို့ ဟုမ်းလမ်းလမ်းဆုံအထိ တစ်ခါတစ်ရံ အလုံ၊ ကြည့်မြင်တိုင် ထိစပ်နယ်မြေ၊ မီးရထားသံလမ်းအထိ တန်းရှည်ကြီး ဖြစ်သွားတတ်ပါတယ်။

 

mdn

 

စောင့်ဆိုင်းမောင်းနှင်နေကြရ

မော်တော်ယာဉ်တစ်စီးအနေနဲ့ မီးပွိုင့်စမိလိုက်တာနဲ့ ရှေ့ဆုံးက ယာဉ်တွေက တစ်ကြိမ်နဲ့ လွတ်ပေမယ့် နောက်ဆက်တွဲယာဉ်တွေကတော့ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ စောင့်ဆိုင်းမောင်းနှင် နေကြရပါတယ်။

ဗားကရာချောက်အပေါ်မှာက အင်္ဂလိပ်လက်ထက်က သံပေါင်တံတားနှစ်စင်း ထိုးထားခဲ့ဖူးပါတယ်။ တစ်စင်းက ရထားသွားဖို့ဖြစ်ပြီး နောက်တစ်စင်းက ဘူတာဝင်းပစ္စည်း သိုလှောင်ရုံကနေ ကုန်ပစ္စည်းများ သယ်/ပို့ရန် ကားကြီးများ မောင်းဝင်နိုင်တဲ့ ဆက်စပ်မြေလမ်းဖြစ်ပါတယ်။

အဲဒီလမ်းကို အလုံမြို့နယ်ဘက်ကနေ အောက်ကြည့်မြင် တိုင်လမ်းအတိုင်း မောင်းလာမယ်ဆိုပါက တိုင်းဒေသကြီး ပညာရေးမှူးရုံးအကျော် ဘောဂရပ်ကွက် တော်ဝင်လမ်းအလွန်ကနေ ဝင်နိုင်ပြီး ဗားကရာချောက်ကို ဖြတ်ကျော်လို့ အထက်ကြည့်မြင် တိုင်လမ်းမကြီးဆီကို ဝင်သွားနိုင်မှာဖြစ်ပါတယ်။ မြေသားလမ်း အကျယ်က ပေ ၅၀ ကျော်ရှိပြီး ယာဉ်ငယ်နှစ်စီး ချောင်ချောင်ချိချိ မောင်းနှင်နိုင်တဲ့ အနေအထားပါ။

ဒီကနေ့ အနေအထားက အလုံမြို့နယ်ဘက်ဆီကလာတဲ့ ကားကြီးများ၊ လိုင်းကားကြီးများအနေနဲ့ အထက်ကြည့်မြင်တိုင် လမ်းမဆီကို သွားမယ်ဆိုပါက ဗားကရာချောက်ကို အတည့်ဖြတ်မောင်းနိုင်ကြပြီး စမ်းချောင်း၊ မြေနီကုန်းဘက်ကိုသွားမယ် ဆိုရင် ဗားကရာချောက် ရထားလမ်းအောက်က ဝင်ပြီး မောင်းနှင် ကြရပါတယ်။

အစိုးရအနေနဲ့ ချင့်တွက်ရမယ့်ကိစ္စ

အောက်ကြည့်မြင်တိုင် လမ်းကြောတစ်လျှောက် ယာဉ်ကြောကျပ်တည်းမှုကို အမှန်တကယ် ဖြေရှင်းချင်တယ်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ချင့်တွက်ရမယ့် ကိစ္စတွေ ရှိပါတယ်။

ဟိုးအရင်က ဖျက်သိမ်းခဲ့တဲ့တံတားကို ပထမ ပြန်ဆောက်ဖို့ လိုပါတယ်။ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဌာနအောက်မှာရှိတဲ့ မြန်မာ့မီးရထားဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ရမှာ ဖြစ်ပါတယ်။ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဗားကရာမြေထိန်းနံရံကို ပုံစံမပျက်လိုအပ်တဲ့ အားဖြည့်မှုတွေ၊ ပြုပြင်မှုတွေ လိုအပ်မှာဖြစ်ပါတယ်။

တံတားပေါ်မှ အဆင်ပြေပြေမောင်းနှင်နိုင်

အဲဒီလို ဆောင်ရွက်နိုင်မယ်ဆိုရင် အလုံဘက်ဆီကနေ အထက်ကြည့်မြင်တိုင်လမ်းမဆီကို သွားလိုတဲ့ YBS ကဲ့သို့ ယာဉ်ကြီးတွေကလွဲလို့ ယာဉ်ငယ်အများစုက မီးပွိုင့်ကို အချိန်ပေး စောင့်ဆိုင်းစရာမလိုဘဲ တံတားပေါ်မှ အဆင်ပြေပြေ မောင်းနှင်နိုင်ကြမှာဖြစ်ပါတယ်။

စမ်းချောင်း၊ မြေနီကုန်းဘက်ကို သွားလိုတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်အားလုံးက မူလအတိုင်း ဗားကရာချောက်အောက် က မောင်းနှင်ကြရမှာဖြစ်ပါတယ်။

လက်တွေ့ကျကျဖြေရှင်း

အဲဒီအခါမှာ ရလာမယ့်အကျိုးက မော်တော်ယာဉ်အများ အပြားက ဗားကရာချောက် မီးပွိုင့်မှာ အချိန်ကုန်ခံစောင့်ဆိုင်း နေမှုများက လွတ်ကင်းနိုင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ယာဉ်ကြောကျပ်တည်းမှု လက်တွေ့ကျကျဖြေရှင်းပေး နိုင်မယ့် နည်းတစ်ခုဖြစ်ပါတယ်။

ကျပ်တည်းနေသော ယာဉ်ကြောတစ်ခုကို ရှင်းလင်းနိုင်ပါက နောက်ဆက်တွဲ အခြားယာဉ်ကြော တစ်ခုအတွက်ပါ ဆက်စပ် အကျိုးရှိလာနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။

ယာဉ်ကြောကျပ်တည်းမှု ပြေလည်စေရေး

သည့်အတွက် ရန်ကုန်မြို့က မြို့နယ်တစ်ခုဖြစ်တဲ့ ကြည့်မြင်တိုင်မြို့နယ်က ယာဉ်ကြော အကျပ်အတည်းမှသည် ဆက်စပ်အခြားမြို့နယ်များ ယာဉ်ကြောကျပ်တည်းမှု ပြေလည်စေရေးအတွက် အကြံပြုရေးသားလိုက်ရပါတယ်။ ။

မြန်မာ့အလင်း