ဘိုင်ယန်မြူးနစ်အသင်းဟာ အောက်တိုဘာ ၂၅  ရက်  ညပိုင်းက မိုချန်ဂလာဘတ်ချ်အသင်းနဲ့   ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ယခုဘောလုံးရာသီမှာ ပြိုင်ပွဲစုံ   ၁၃   ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မိုချန်ဂလာဘတ်ချ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ကင်မစ်ခ်ျ၊ ဂွါရီရိုနဲ့ လန်းနက်ကားလ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်   ၁၉  မိနစ်ကတည်းက  ကတိစ်ထရော့   တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရလို့ တစ်ယောက် လျော့နဲ့ကစားခဲ့ရတဲ့   မိုချန်ဂလာဘတ်ချ်အသင်းကို   အနိုင်ရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါအမှတ်ပေးဇယား  ဒုတိယနေရာမှာ ရပ်တည်နေတဲ့   လိုက်ပ်ဇစ်အသင်းကို ငါးမှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ  ယခု ဘောလုံးရာသီအစ ပြိုင်ပွဲစုံ  ၁၃ ပွဲစလုံး အနိုင်ရရှိခဲ့တာကြောင့်  ၁၉၉၂-၁၉၉၃ ဘောလုံးရာသီက အေစီမီလန်အသင်း တင်ရှိခဲ့တဲ့စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ပွဲစဉ်မှာ ဂျာမန်ပိုကယ်ဒုတိယအ‌ဆင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၉ ရက်မှာ ကိုလုံအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှာ ဘွန်ဒက်လီဂါပွဲစဉ်အဖြစ်  လေဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ငွေကြယ်-ရေးသားသည်