မကြာမီကျင်းပတော့မည့် ၂၀၁၈ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး နီးကပ်လာသည်နှင့်အမျှ စိတ်ဝင်စားမှုများ မြင့်တက်လာလျက်ရှိရာ အနုပညာအသိုင်းအဝန်းရှိ အလွှာအသီးသီး၏ ခန့်မှန်းမှုနှင့် ပရိသတ်များ၏ ခန့်မှန်းမှုကို အများဆုံးခံနေရသည့် ရုပ်ရှင်ဇာတ်ကားများနှင့် သရုပ်ဆောင်များလည်း ရှိနေသည်။ ယခုနှစ် ထူးချွန်ဆုအတွက် ဆန်ခါတင် အရွေးချယ်ခံထားရသည့် ဇာတ်ကား မှာ ၂၅ ကားရှိပြီး ထိုအထဲတွင် ပရိသတ်၏စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် အမျိုးသားသရုပ်ဆောင်နှင့် အမျိုးသမီးသရုပ်ဆောင်များ၏ ရုပ်ရှင်ဇာတ်ကားအလိုက် ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့မှုများကို မြန်မာ့အလင်းက စုစည်းဖော်ပြလိုက်ပါသည်။

 

mdn

နေတိုး (မုန်းစွဲ)

၂၀၁၈ ခုနှစ်အတွင်း ရိုက်ကူးပြသခဲ့သော ဇာတ်ကားများ အနက် မုန်းစွဲဇာတ်ကားသည် နေတိုး၏ အနုပညာ သက်တမ်း တစ်လျှောက် အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး ဇာတ်ကား တစ်ကားဖြစ်နိုင်ပြီး ထုတ်လုပ်သူ Myanmar Media 7 ထုတ်လုပ်ရေးအတွက်လည်း ရိုက်ကူးခဲ့သမျှ ကားများထဲတွင် ထိုကားသည် ဝင်ငွေအကောင်းဆုံးနှင့် ပရိသတ်များကြား စိတ်ဝင်စားမှုအမြင့်ဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်။ ဒရာမာရော၊ ဟာသရော ပိုင်နိုင်သည့် နေတိုးအတွက် မုန်းစွဲဇာတ်ကားထဲမှ ကာရိုက်တာသည် ကြိုးစားမှုအား အကောင်းဆုံး ကာရိုက်တာလည်း ဖြစ်နေသည်။ မုန်းစွဲစွဲပြီး ရန်ကိုရန်ချင်း တုံ့ပြန်ချင်သည့် အငြိုးကြီးသူတစ်ယောက် အဖြစ်ရော၊ မိခင်ဖြစ်သူ၏ မုန်းစွဲကို ကျွတ်စေချင်သည့် ဘုရားသားတော် သံဃာတစ်ပါးအဖြစ်ရော ကာရိုက်တာ နှစ်မျိုးကို အပီပြင်ဆုံး သရုပ်ဆောင်ထားသူဖြစ်သည်။

 

 

mdn

ကျော်ကျော်ဗိုလ် (မုန်းစွဲ)

ကျော်ကျော်ဗိုလ်သည် သူ၏ သရုပ်ဆောင်မှုအပိုင်းကို ပရိသတ် သတိထားမိနိုင်အောင် ရသမျှအခန်းတွင် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်သည်။ မုန်းစွဲတွင်လည်း ဒရာမာ သရုပ်ဆောင်မှုကို ပရိသတ်များ သတိထားမိနိုင်လောက်အောင် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်သူဖြစ်ခဲ့သည်။ ခြေတစ်ဖက်မသန်သည့် ဒုက္ခိတတစ်ယောက်၊ အငြိုးအတေးများကို သေသည်အထိ သယ်သွားသူအဖြစ် သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး သရုပ်ဆောင်မှုအပိုင်းမှာ ခြေတရွတ်တိုက်ဆွဲ နေလျက်က ဘဝဟောင်းကရန်သူကို ယခုဘဝတွင် သားအဖြစ် မြင်တွေ့ရသည်အခါ ဖြစ်ပေါ်လာသည့် ဒေါသစိတ်တွေကို မထိန်းနိုင်အောင် ဖြစ်ခဲ့သည့်အခန်းပင်ဖြစ်သည်။

 

 

mdn

မြင့်မြတ် (ငဒူ)

ငဒူ ဇာတ်ကားမှာ မြင့်မြတ်၏ အနုပညာသက်တမ်းတစ်လျှောက် ရိုက်ကူးခဲ့သည့် ဇာတ်ကားများထဲတွင် သူမလုပ်ဖူးသော ကာရိုက်တာမျိုးဟု မှတ်ချက်ပေးနိုင်သည်။ ဉာဏ်ရည်မမီသော်လည်း လူတိုင်းအပေါ် ကူညီတတ်သည့် စိတ်ဓာတ်ရှိသူအဖြစ် ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး ထိုဇာတ်ကားကြည့်သူ ပရိသတ်အချို့မှာ ရုံထဲမှ မျက်ရည်လည်ပြီး ထွက်လာရသည်ကို မြင်ခဲ့ရသည်။ မြင့်မြတ်ရိုက်ကူးခဲ့သော ဟာသကားအချို့ကို ပေါကားဟု ဝေဖန်ခံရမှုများ ရှိနေသော်လည်း ငဒူမှာမူ မြင့်မြတ်၏ အကောင်းဆုံး သရုပ်ဆောင်နိုင်မှုကို တွေ့ရသည့် ဇာတ်ကားဖြစ်ကာ ၂၀၁၇ ခုနှစ်က မြင့်မြတ်အနေဖြင့် ဇာတ်ပို့ဆုရခဲ့သော်လည်း ယခုနှစ်တွင် ငဒူဖြင့် ဇာတ်ဆောင်ဆုရရန် မြင့်မြတ်၏ပရိသတ်များက ခန့်မှန်းမှတ်ချက် ပေးနေကြသည်။

 

 

mdn

ဇဏ်ခီ (မုဒြာရဲ့ခေါ်သံ)

ရိုးရှင်းပြီး ယောက်ျားပီသသည့်မျက်နှာဖြင့် မျက်နှာသစ်သရုပ်ဆောင်တစ်ဦးဖြစ်သော ဇဏ်ခီမှာ မထင်မှတ်ဘဲ ဥပါယ်တံမျဉ် ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်လောကကြီး တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သူဖြစ်သလို မြန်မာ့ရုပ်ရှင်အပေါ် ပရိသတ်၏ အာရုံစူးစိုက်မှုများကိုပါ ပြန်ရစေခဲ့သူဖြစ်သည်။ ၂၀၁၈ တွင် ဇဏ်ခီ၏ ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်နှစ်ကား ရုံတင်ထားခဲ့ရာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားတွင် မြန်မာနိုင်ငံ၏ သဘာဝအလှတရားများကို ကောင်းမွန်သည့်ရိုက်ချက်များဖြင့် ကမ္ဘာကသိအောင် ရိုက်ကူးဖော်ပြနိုင်ခဲ့သလို ဇဏ်ခီ၏ အကောင်းဆုံး သရုပ်ဆောင်မှုများကိုလည်း တွေ့ရမည်ဖြစ်သည်။ ဇဏ်ခီသည် ပရိသတ်များကပေးသော အကောင်းဆုံး အကယ်ဒမီဆုကို ရရှိပြီးသားဟုပင် ဆိုနိုင်သော်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပေးသော ရုပ်ရှင်ထူးချွန်ဆုကိုပါ ရနိုင်မည်လားဆိုသည်ကတော့ ဆက်လက်စောင့် မျှော်ရမည်ဖြစ်သည်။

 

 

mdn

အောင်မြင့်မြတ် (ဥပါယ်တံမျဉ်)

သဘာဝကျသည့် မျက်နှာအနေအထားကို ပိုင်ဆိုင်ထားသူ အောင်မြင့်မြတ်သည် ၄င်း၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သည့် ဥပါယ်တံမျဉ်၌ သိန်းစိုးအမည်ရှိ ဗီလိန်ဇာတ်ကောင်၏ ကာရိုက်တာတွင် ပရိသတ် တအံ့တသြ ဖြစ်ရလောက်သည်အထိ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ထူးထူးခြားခြားပင် ဗီလိန်ကာရိုက်တာကို ပရိသတ်များ အကြိုက်တွေ့အောင်လည်း လုပ်နိုင်ခဲ့သူဖြစ်သည်။ အကယ်ဒမီအတွက် ဆန်ခါတင်စာရင်းတွင်လည်း ပါဝင်နေသော ဥပါယ်တံမျဉ် ဇာတ်ကားတွင် ဗီလိန်သိန်းစိုးအဖြစ် ပီပြင်သော သရုပ်ဆောင်မှုများကြောင့် အောင်မြင့်မြတ်အနေဖြင့် ပထမဆုံးရုပ်ရှင်မှာပင် ထူးချွန်ဆုကို ဆွတ်ခူးနိုင်မည်လားဟု စောင့်ကြည့်ရမည် ဖြစ်သည်။

 

 

mdn

ဖွေးဖွေး (မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ)

၂၀၁၈ ခုနှစ်သည် ဖွေးဖွေးအတွက် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ပရိသတ်များက ဖွေးဖွေးအား အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဇာတ်ကား သုံးကားဖြင့် မှန်းထားကြပြီး ထိုသုံးကားလုံးတွင် ဖွေးဖွေး၏ အနုပညာစွမ်းအားကို အံ့သြလောက်အောင် မြင်တွေ့ကြရသည်။ ရွှေကြာ ဇာတ်ကားတွင် ခပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်၊ ငွေနောက်လိုက်ရင်း လမ်းမှားကာ ပြည့်တန်ဆာ မိန်းကလေးဘဝသို့ ရောက်ခဲ့သူအဖြစ်လည်းကောင်း၊ မုန်းစွဲ ဇာတ်ကားတွင် မုန်းစွဲ စွဲနေသည့် သားနှစ်ယောက်၏ မိခင် အဖြစ်လည်းကောင်း၊ သမ္မတကြီးထံပေးစာ ဇာတ်ကားတွင် ရှေ့နေမလေးတစ်ဦးအဖြစ် အမှန်တရားကိုဖော်ထုတ်ရင်း ကိုယ်ကျိုးမငဲ့သူအဖြစ်လည်းကောင်း ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့သည်။ ရုပ်ရှင်ထူးချွန်ဆုကို နှစ်ကြိမ်ရရှိထားပြီးဖြစ်သည့် ဖွေးဖွေးအနေဖြင့် ၂၀၁၈ ခုနှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို ရော ထပ်မံရရှိနိုင်မလားဆိုသည်ကို ရင်ခုန်စွာ မျှော်လင့်ရမည်။

 

 

mdn

ပိုင်ဖြိုးသု (မီ)

အနုပညာပျိုးခင်းမှတစ်ဆင့် သရုပ်ဆောင်တစ်ဦးဖြစ်လာသည့် ဆရာဝန်မလေး ပိုင်ဖြိုးသု၏ ကိုယ်ပိုင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဏကြီး ရိုက်ကူးထုတ်လုပ်လိုက်သည့် မီ ဇာတ်ကားသည် ရုပ်ရှင်ပရိသတ်များ ကြားတွင်သာမက လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဝက်ဝက်ကွဲ ပေါက်ခဲ့သော ဇာတ်ကားဖြစ်သည်။ ပိုင်ဖြိုးသုအနေဖြင့် မီ ဟုအမည်ရသည့် အမျိုးသမီး တစ်ယောက်၏ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ထိုဇာတ်ကားတွင် ပရိသတ်များအကြား အထင်ရှားဆုံးနှင့် ငြင်းခုံမှုအဖြစ်ရဆုံး ဇာတ်ဝင်ခန်းများမှာ မီ၏ ဆေးလိပ် ကို မလွှတ်တန်းကိုင်သောက်ခဲ့သည့် ဇာတ်ဝင်ခန်းများဖြစ်သည်။

 

 

mdn

ထွန်းအိန္ဒြာဗိုလ် (နောင်တွင် ဥဒါန်းတွင်စေသတည်း)

ထွန်းအိန္ဒြာဗိုလ်သည် အနုပညာနှင့်ပတ်သက်ပြီး ပြောစရာ မလိုအောင် ပရိသတ်များ လက်ခံပြီးသား အနုပညာရှင် တစ်ဦးဖြစ်သည်။ နောင်တွင်ဥဒါန်းတွင်စေသတည်း ဇာတ်ကားတွင်လည်း ထွန်းအိန္ဒြာဗိုလ်က အတ္တ၊ မာနကြီးမားသည့် မိခင်တစ်ယောက်၏ ကာရိုက်တာကို ပေါ်လွင်အောင်၊ ပရိသတ်များ ကြက်သီးထလောက်အောင် သရုပ်ဆောင်နိုင် ခဲ့ရာ ပရိသတ်များက ခန့်မှန်းပေးနေကြသော ထူးချွန်ဆုကို ရရှိနိုင်မည်လားဟု စောင့်ကြည့်ရမည်ဖြစ်သည်။

 

 

mdn

ဝတ်မှုန်ရွှေရည် (ရန်သူ)

အကယ်ဒမီထူးချွန်ဆုနှစ်ဆုကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် ဝတ်မှုန်ရွှေရည်၏ ကြိုးစားမှုများကို ယခုနောက်ပိုင်းတွင် ပရိသတ် အံ့သြရလောက်အောင် ပိုမိုမြင်တွေ့ရပြီး ရန်သူ ဇာတ်ကားတွင်လည်း ပုံမှန်ရိုက်ကူးနေကျမဟုတ်သည့် ယောက်ျားလျာဇာတ်ကောင်ဖြင့် သရုပ်ဆောင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။ မတူသည့် ဇာတ်ရုပ်တိုင်းကို အပိုင်နိုင်ဆုံး သရုပ်ဆောင်ခဲ့သူ ဝတ်မှုန်ရွှေရည်သည် ရန်သူဇာတ်ကားတွင်လည်း တစ်ဖက်သတ် ချစ်ကြိုက်နေသည့် မိန်းကလေးနှင့် အခြားယောက်ျားတစ်ယောက် တွဲသွားတွဲလာလုပ်နေသည်ကို တွေ့လိုက်ရသောအခါ ခံစားရသည့် အသွင်သဏ္ဌာန်၊ အမူအရာများကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဝတ်မှုန်ရွှေရည်သည်လည်း အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိမည်လားဟု စောင့်ကြည့်ရမည်ဖြစ်သည်။ ။

ကိုလင်း