နိုဝင်ဘာ ၁၃
သီရိလင်္ကာရေတပ်က ယခုနှစ်လက်ရှိအချိန်အထိ နိုင်ငံပိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းမှုဖြင့် အိန္ဒိယငါးဖမ်းသမား ၃၂၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒုတိယဝန်ကြီးတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
ငါးဖမ်းသမားများအသုံးပြုသည့် ငါးဖမ်းသင်္ဘော ၄၁ စင်းကိုလည်း ရေတပ်က သိမ်းဆည်းခဲ့ကြောင်း ငါးလုပ်ငန်း၊ ရေနေသတ္တဝါနှင့် သမုဒ္ဒရာအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရတ်နာဂါမာဂျ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း သီရိလင်္ကာရေပိုင်နက်အတွင်းသို့ နိုင်ငံခြားငါးဖမ်းသမားများ တရားမဝင် ဝင်ရောက်မှုကိုနှိမ်နင်းရန် အာဏာပိုင်များက စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ငါးလုပ်ငန်း၊ ရေနေသတ္တဝါနှင့် သမုဒ္ဒရာအရင်းအမြစ်ဝန်ကြီးဌာနနှင့် သီရိလင်္ကာရဲတပ်ဖွဲ့တို့၏ လုပ်ဆောင်မှုများတွင် ရေတပ်က ကူညီဆောင်ရွက်ပေးထားသည်ဟု ၎င်းက ဆိုသည်။
သီရိလင်္ကာရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့်နိုင်ငံခြားငါးဖမ်းသမားများသည် အထူးသဖြင့် သီရိလင်္ကာတွင် တားမြစ်ထားသည့် ပျက်စီးစေသောငါးဖမ်းနည်းလမ်းများကို အသုံးပြုခြင်းကြောင့် ဒေသခံငါးဖမ်းသမားများနှင့် နိုင်ငံ၏ရေနေသတ္တဝါပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


