ဘားအံ ၂၀ ဖေဖေါ်ဝါရီ 


၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင် ဖြေဆိုကြမည်ဖြစ်ရာ  ကရင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၀၇၃၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


ယခုနှစ်တွင် အထက-တောင်ကလေး၊ အထက (ခွဲ) ဒိုင်းပြ၊ အထက-ဒေါ်လန်း၊ အထက-နောင်ဘိုကြီး စာစစ်ဌာန ၄ ခုတိုး၍  စာစစ်ဌာနပေါင်း ၄၆ ခုဖြင့် ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် စာစစ်ဌာန ၁၄ ခုဖြင့်  ကျောင်းသား/သူ ၈၂၂၉ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် စာစစ်ဌာန ၁၀ ခုဖြင့် ကျောင်းသား/သူ ၃၁၆၈ ဦး၊ သံတောင်မြို့နယ်တွင် စာစစ်ဌာန ၅ ခုဖြင့် ကျောင်းသား/သူ ၁၅၄၇ ဦး၊ ဖာပွန်မြို့နယ်တွင် စာစစ်ဌာန ၂ ခုဖြင့် ကျောင်းသား/သူ ၆၆၇ ဦး၊ ကော့ကရိတ်မြို့နယ်တွင် စာစစ်ဌာန ၇ ခုဖြင့် ကျောင်းသား/သူ ၃၁၅၇ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာစစ်ဌာန ၅ ခုဖြင့် ကျောင်းသား/သူ ၂၀၇၃ ဦး၊ မြဝတီမြို့နယ်တွင် စာစစ်ဌာန ၃ ခုဖြင့် ကျောင်းသား/သူ ၁၈၈၉ ဦး စုစုပေါင်း စာစစ်ဌာန ၄၆ ခု၊ ကျောင်းသား/သူ ၂၀၇၃၀  ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် အထက (၂) ဘားအံမှ နန်းအေးဆုစင် က  ̏ ဒီနှစ် စာမေးပွဲကို သက်သောင့်သက်သာနဲ့ အေးချမ်းပျော်ရွင်စွာ ဖြေဆိုနိုင်ဖို့ အစွမ်းကုန်းကြိုးစား ပြင်ဆင်ထား ပါတယ်၊ နှစ်စကတည်းကနေ ခုချိန်ထိ ဆရာ/မတွေ သင်ကြားပေးလိုက်တဲ့ စာတွေကို ကြိုးစားလေ့လာ ကျက်မှတ် ထားတဲ့အတွက် မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ် ˝ ဟု ပြောသည်။ 
 

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာ ကျောင်းများမှ ဆရာ/မများအား ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ အချိန်ပိုသင်ကြားခြင်း၊ အုပ်ထိန်းသူစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ သင်ကြားပြီးစီးမှု စစ်ဆေးကြပ်မတ်ခြင်း၊ အားနည်းသည့် ဘာသာရပ်များအား ကုစား သင်ကြားခြင်း၊ အကြိုစာမေးပွဲ ဖြေဆိုစေခြင်း၊ မေးခွန်းဟောင်းများ လေ့လာဖြေဆိုစေခြင်း၊ တက္ကသိုလ်များမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍  ဝါရင့်သင်ကြားနေသော ဆရာ/မများကို အောင်ချက်နိမ့်သော ကျောင်းများသို့ သွားရောက်ပို့ချစေခဲ့ခြင်းများကို စီမံဆောင်ရွက်ထားကြောင်း၊  တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများမှ  စီမံချက်များ အဆင့်ဆင့်ရေးဆွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊  လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်သည်။


ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပညာရေးဌာနအနေဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုံခြုံရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားကြောင်း၊ မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်စီမံချက်များ ရေးဆွဲဆောင်ရွက်ထားကြောင်း၊ အရေးပေါ်ဖြစ်ပေါ်လာပါက အရန်စာစစ်ဌာနများကိုလည်း ကြိုတင်လျာထား ဆောင်ရွက်ထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

123