ရန်ကုန်  စက်တင်ဘာ   ၂

မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ကူရိုဆာကီသည် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦးကို စက်တင်ဘာ ၂ ရက်က ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းတွင်  ဂိုးသမား-ဟိန်းထက်စိုး (ဒဂုံစတားယူနိုက်  တက်)၊ နိုင်လင်းအောင်  (သစ္စာအားမာန်)၊ အောင်ပြည့်ဖြိုး (ဒဂုံ စတားယူနိုက်တက်)၊ နောက်တန်း- ဆင်မြူရယ်ငိုင်ကီး(ရတနာပုံ)၊ စောလင်းထက်ပိုင် (အား/ကာ သိပ္ပံ)၊ ထူးဝေယံ(မဟာယူနိုက်တက်)၊ ကောင်းထက်ပိုင်(ရန်ကုန်ယူနိုက်တက်)၊ ခန့်ဇင်ဟိန်း(မဟာယူနိုက်တက်)၊ မာတီနို(အား/ကာ သိပ္ပံ)၊ လတ်ဝေဘုန်း(ရန်ကုန်ယူနိုက်တက်)၊   အလယ်တန်း- စောမျိုးဇော် (သစ္စာအားမာန်)၊ ရဲရင့်ဖြိုး (ဒဂုံစတားယူနိုက်တက်)၊ စခန့်ချော(ဒဂုံစတားယူနိုက်တက်)၊  မြတ်ဘုန်းခန့်(သစ္စာအားမာန်)၊     သာယာဝင်းထက် (ရန်ကုန်ယူနိုက်တက်)၊ စွမ်းထက် (ဒဂုံစတားယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်(သစ္စာအားမာန်)၊  မိုးဆွေ(ဒဂုံစတားယူနိုက်တက်)၊ မင်းမော်ဦး(သစ္စာအားမာန်)၊ အာကာကျော် (ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-ဇွဲမာန်သာ(ဟံသာဝတီယူနိုက်တက်)၊ ဝင်းပြည့်မောင် (အား/ကာသိပ္ပံ)နှင့် သန်းတိုးအောင် (ဟံသာဝတီယူနိုက်တက်)တို့ ပါ၀င်ကြသည်။ မြန်မာယူ-၂၃ အသင်း အပြီးသတ်လူစာရင်းတွင် ဒဏ်ရာရနေသည့် ဇော်ဝင်းသိန်းနှင့် ဥက္ကာနိုင်တို့ ပါဝင်လာခြင်းမရှိပေ။  အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအုပ်စု(ခ)ပွဲစဉ်များကို စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်း အပါအဝင် ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတို့   ပါဝင်နေသည်။ အုပ်စုပထမနေ့အဖြစ် စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ကူဝိတ်အသင်း၊ ည ၇ နာရီတွင်   ဂျပန်အသင်းနှင့်    အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (ခ)အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂ ရက်က သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ကျင်းပရာ မြန်မာ၊ ဂျပန်၊ ကူဝိတ်နှင့် အာဖဂန်နစ္စတန် အသင်းတို့မှ နည်းပြချုပ်နှင့် ကစားသမားများ တက်ရောက်သည်။  

မြန်မာအသင်းနည်းပြချုပ် ကူရိုဆာကီက “ကူဝိတ်နဲ့ကစားရမယ့် အဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းယူနိုင်ဖို့ ပြင်ဆင်သွားပါမယ်။ အသင်းမှာ ဒဏ်ရာရကစားသမားတွေရှိနေပေမယ့် အကောင်းဆုံး ခြေစွမ်းထုတ်ပြနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီခြေစစ်ပွဲဟာ လာမယ့် ဆီးဂိမ်းအတွက်  ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေမှာမို့ တစ်ပွဲချင်း အာရုံစိုက်ကစားသွားမှာဖြစ်ပါတယ်။ လာရောက်အားပေးမယ့် ပရိသတ်တွေအတွက် ပျော်ရွှင်ကျေနပ်စေမယ့် ရလဒ်မျိုးရအောင် ကြိုးစားယှဉ်ပြိုင် သွားမှာ  ဖြစ်ပါတယ်” ဟု ပြောကြားသည်။   ကူဝိတ်အသင်းနည်းပြချုပ်   ဒါရီရိုက   “ဒီခြေစစ်ပွဲအတွက်  ပြင်ဆင်ထားမှုကို အားရပါတယ်။ ဒီပွဲမတိုင်မီ မတူညီတဲ့အသင်းတွေနဲ့ ခြေစမ်းပွဲတွေ   အများအပြား ကစားထားပါတယ်။ မြန်မာအသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး အာဆီယံချန်ပီယံရှစ်မှာ ကစားထားတဲ့ ခြေစွမ်းကို လေ့လာထားပါတယ်။ မြန်မာနဲ့ ကစားရမယ့်ပွဲက ပထမဆုံးခြေလှမ်းဖြစ်တာမို့ အရေးကြီးပါတယ်။ ပြိုင်ဘက်အသင်းတိုင်းကို လေးစားစွာယှဉ်ပြိုင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။               

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF