ရွှေရည်လင်း
ယနေ့ကမ္ဘာကြီးမှာ ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုအရ ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေကြောင့် ပျက်စီးမှုနဲ့ သဘာဝဆုံးရှုံးမှု (nature loss) တွေအပြင် ပထဝီ နိုင်ငံရေး တင်းမာမှုတွေ၊ ကုန်သွယ်ရေးစစ်ပွဲတွေ၊ ဒေသတွင်းပဋိပက္ခတွေ စတဲ့ အသွင်မျိုးစုံဖြင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေခြင်းဟာ နိုင်ငံတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီလိုဖြစ်ပေါ်လာတဲ့အခြေအနေကို ကြံ့ကြံ့ခံပြီး ပိုမိုခိုင်မာတောင့်တင်းကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်ဖို့ လူတိုင်းကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုတိုင်းတာရာမှာ ဂျီဒီပီက အဓိကညွှန်ကိန်းတစ်ခုအဖြစ် ရှိနေပေမယ့် အနာဂတ်မှာ ကြွယ်ဝမှုအားလုံးကို လွှမ်းခြုံနိုင်ဖို့အတွက် ဂျီဒီပီတိုးတက်ရေးသာမက ပြန်ဖြည့်နိုင်တဲ့ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ သစ်တောတွေ၊ သီးနှံစိုက်ပျိုးမြေတွေနဲ့ ပင်လယ်သမုဒ္ဒရာ အရင်းအမြစ်တွေ ပြန်လည်ဖြည့်ဆည်းနိုင်ရေးနဲ့ ရေရှည် တည်တံ့ကောင်းမွန်ရေးကိုလည်း စဉ်းစားသွားရမှာ ဖြစ်ပါတယ်။ အခြားသဘာဝအရင်းအမြစ်တွေဖြစ်တဲ့ တွင်းထွက်သယံဇာတနဲ့ ရုပ်ကြွင်းလောင်စာတွေ ကတော့ ထုတ်ယူသုံးစွဲသမျှ ကုန်ခန်းမယ့်သယံဇာတတွေ ဖြစ်တဲ့အတွက် ပြန်လည်ဖြည့်တင်းဖို့ မဖြစ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။
ဒါကြောင့် ပြန်လည်ဖြည့်ဆည်းနိုင်တဲ့ သယံဇာတများကို ဖြည့်ဆည်းပြီး ကုန်ခန်းနိုင်တဲ့ သယံ ဇာတတွေကို ရေရှည်အသုံးပြုနိုင်ဖို့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း သစ်တောဖုံးလွှမ်းမှုဧရိယာတွေ တိုးတက်ရေး၊ သစ်တော၊ သစ်ပင်များ ရှင်သန်ရေး၊ သစ်ပင်တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေးတို့ကို အလေးထားပြီး ဆောင်ရွက်နေတာ မျက်ဝါးထင်ထင် တွေ့ရမှာဖြစ်ပါတယ်။ သစ်တော၊ သစ်ပင်တွေ ပြန်လည်ရှင်သန်ရေးကို ဆောင်ရွက်နေပေမယ့် အခြားတစ်ဖက်မှာ ဝိသမလောဘသားတွေရဲ့ သစ်ခိုးထုတ်မှုနဲ့ တရားမဝင်ရောင်းချမှုတွေကလည်း ရှိနေတော့ သယံဇာတတွေ ပြန်လည်ပြည့်ဖြိုးရေးကို ဆောင်ရွက်ရာမှာ အဟန့်အတားဖြစ်စေပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများ ရှိနေပါတယ်။ ဒီလိုအဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့ အစိုးရနဲ့အတူ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံတော်က စိုက်ပျိုးရေးဇုန်တွေ တိုးတက်ဖြစ်ပေါ်စေရေးအတွက် တွန်းအားပေးနေတာကြောင့် ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
မြို့ပြဖြစ်ထွန်းမှုတွေနဲ့အတူ ဖြစ်လေ့ရှိတဲ့ သဘောသဘာဝက စိုက်ပျိုးမြေဆုံးရှုံးမှု ဖြစ်ပါတယ်။ စိုက်ပျိုးမြေဆုံးရှုံးမှုနဲ့အတူ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ စားနပ်ရိက္ခာမဖူလုံမှုနဲ့ စိုက်ပျိုး မြေပေါ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တောင်သူ လယ်သမားတွေ၊ စိုက်ပျိုးရေးလုပ်သားတွေရဲ့ ဝင်ငွေကျဆင်းမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိုက်ပျိုးမြေဆုံးရှုံးမှု လျော့ကျနိုင်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးပြုပြင်ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရနိုင်တဲ့မြေတွေကို ဖော်ထုတ်ပြီး စိုက်ပျိုးသီးနှံများ တိုးချဲ့စိုက်ပျိုး နိုင်ရေးကို ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ အနာဂတ်ကမ္ဘာအတွက် စားရေရိက္ခာဖူလုံရေးနဲ့ ဆင်းရဲမှုလျော့ကျစေရေးကို အထောက်အကူပြုမှာဖြစ်သလို ဝင်ငွေနဲ့ဆက်စပ်နေတဲ့ လူမှုအကျိုးစီးပွား ဖြစ်ထွန်းမှုတွေကိုလည်း အားပေးကူညီရာရောက်မှာ ဖြစ်ပါတယ်။ မြို့ပြဖြစ်ထွန်းမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရာမှာလည်း စိမ်းလန်းသော မြို့ပြစနစ်ဖြစ်ပေါ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထည့်သွင်းဆောင်ရွက်ဖို့ကိုလည်း အလေးထားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပင်လယ်သမုဒ္ဒရာတွေ ရေရှည်တည်တံ့စေဖို့ အပြာရောင်စီးပွားရေး (Blue Economy) ကို ဗျူဟာ ချပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ငါးသယံဇာတတွေ ပြုန်းတီးမှု လျော့နည်း စေရေး၊ ပင်လယ်ရေထုညစ်ညမ်းမှု မဖြစ်စေရေး၊ ခရီးသွားလုပ်ငန်းကြောင့် ပင်လယ်ကမ်းခြေတွေ ပျက်စီးမှုမရှိစေရေး၊ ရေနေဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးစတဲ့ ပင်လယ်ရေ သယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တရားမဝင် ငါးဖမ်းဆီးမှုတွေ၊ ပင်လယ်ထွက်ပေါက်တွေနဲ့ ဆက်စပ်နေတဲ့ ချောင်း၊ မြောင်းတွေမှာ အမှိုက် စွန့်ပစ်ခြင်း၊ ပင်လယ်ရေထုညစ်ညမ်းစေတဲ့ အပြု အမူတွေကို တင်းကျပ်စွာ ကိုင်တွယ်ရမှာဖြစ်သလို ပင်လယ်ကမ်းခြေရှိ ခရီးသွားလုပ်ငန်းတွေ စနစ် တကျ ဖြစ်စေရေးအတွက်ကိုလည်း အစိုးရ၊ လုပ်ငန်းရှင်များ၊ ခရီးသွားပြည်သူများနဲ့ ကမ်းရိုးတန်းကို အခြေပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေ အားလုံးက ထိန်းသိမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်က သတ်မှတ်ထားတဲ့ ငါးမဖမ်းရ ရာသီမှာ ငါးဖမ်းခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်သလို သတ်မှတ်ထားတဲ့နည်းလမ်းနဲ့ ငါးဖမ်းဆီးရေးကို လူတိုင်းက လိုက်နာကြရမှာ ဖြစ်ပါတယ်။ ကမ်းခြေအလှကို ပျက်စီးစေပြီး ညစ်ညမ်းမှုဖြစ်စေနိုင်တဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကိုလည်း မပြုလုပ်မိစေဖို့ စောင့်ထိန်းကြရမှာဖြစ်ပါတယ်။
လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်မှုဟာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ဒါကြောင့် တည်ဆောက်ပြီးဖြစ်တဲ့ အဆောက်အအုံနဲ့ အခြေခံအဆောက်အအုံတွေကို သက်တမ်း တစ်လျှောက်လုံး အပြည့်အဝအသုံးချနိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ ရေရှည်ခံနိုင်ရည်ရှိစေရေးနဲ့ နောင်တည်ဆောကမယ့် အဆောက်အအုံတွေ ရေရှည်ကြံ့ခိုင်တည်တံ့စေရေးအတွက် အရည်အသွေးအာမခံချက်နဲ့ တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ နာမည်ကောင်းကို ဘယ်အရာနဲ့မှလဲလို့မရတဲ့အတွက် မိမိတို့ရဲ့နာမည် သတင်းဂုဏ်သိက္ခာကို ထာဝစဉ်ထိန်းသိမ်းပြီး အရည်အသွေးပြည့်ဝတဲ့ အဆောက်အအုံတွေ ဖြစ်စေရေးကို ဆောင်ရွက်ရင်း ပိုမိုကောင်းမွန်ခံနိုင်ရည်ရှိတဲ့ အနာဂတ်ကို ဝိုင်းဝန်းတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
ဒါ့ပြင် လူသားအရင်းအနှီး (human capital) ကလည်း ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့ တိုင်းတာ မှုဖြစ်တာမို့ လူသားအရင်းအနှီးတိုးတက်ဖို့အတွက် နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေးအခြေခံ အဆောက်အအုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ တိုးတက်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးနေပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုတွေကို အလဟဿမဖြစ်ဖို့ နိုင်ငံ့ဝန်ထမ်းများ၊ မိဘပြည်သူများနဲ့ လူငယ်များ ကပါ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ယူ နိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်နေကြသလို ပညာသင်ယူနေကြတဲ့ လူငယ်၊ လူရွယ်တွေကလည်း မိမိတို့ပညာရေး ဆုံးခန်းတိုင်သင်ကြားကြဖို့ လိုအပ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လည်း ဘဝတစ်သက်တာ သင်ယူမှုအခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပမှာ ပညာသင်ယူခွင့် အခွင့်အလမ်းရရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော်ရဲ့အကျိုးနဲ့ ကျေးဇူး သစ္စာကို စောင့်သိရိုသေပြီး ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ပြည်ပမှာ ပညာသင်ယူခွင့် အခွင့်အလမ်းရရှိပြီး အမိနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိချိန်မှာ အကြောင်းအမျိုးမျိုးပြ၊ တာဝန်ကနေ နုတ်ထွက်လိုကြတဲ့ ဝန်ထမ်းတွေအနေနဲ့ အတ္တနဲ့ပရ နှစ်ဖြာသော အကျိုးစီးပွားကို ကြည့်ရမှာ ဖြစ်ပါတယ်။
မိမိပြည်ပမှာ ပညာသင်ကြားချိန်မှာ တာဝန်ချိန်အဖြစ် လစာအပြည့်နဲ့ ပညာသင်တစ်ဦးရဲ့ ခံစားခွင့် ကို အပြည့်အဝရရှိထားတဲ့အတွက် မိမိနေရာမှာ တာဝန်ယူဆောင်ရွက်ပေးနေကြတဲ့ ဝန်ထမ်းတွေ အပေါ်မှာ ကိုယ်ချင်းစာတရားထားပြီး နိုင်ငံ့အကျိုးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်ရမယ်ဆိုတာကို လည်း မေ့ပစ်ကြလို့ မဖြစ်ပါဘူး။ လူတိုင်းမှာ တာဝန်ကိုယ်စီရှိတာမို့ မိမိတို့ရဲ့တာဝန်ကို မိမိတို့ ကျေပွန်ဖို့ လိုပါတယ်။ Two R လို့ ခေါ်တဲ့ Right and Respon-sibility (အခွင့်အရေးနဲ့တာဝန်) ကို လူတိုင်းက နားလည်ကြပြီး လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် အနာဂတ်မှာ ဖွံ့ဖြိုးမှုရဲ့ စိန်ခေါ်မှုများ ကို ကျော်လွှားနိုင်ဖို့ တာဝန်ကိုယ်စီရှိကြတယ်ဆိုတဲ့ ခံယူချက်နဲ့ သယံဇာတနဲ့အရင်းအနှီးတွေကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့တဲ့ အခြေခံအဆောက် အအုံ ဖြစ်ထွန်းရေးကို အားပေးကူညီဆောင်ရွက်ခြင်းနဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ဟန်ချက်ညီညီ တက်လှမ်းကြပါစို့လို့ စေတနာအရင်းခံဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါတယ်။ ။
ကိုးကားချက်များ
https://unsceb.org/topics/beyond-gdp
https://www.oecd.org/en/topics/policy- issues/well-being-and-beyond-gdp.html
https://www.weforum.org/focus/beyond-gdp/


