ဝါရှင်တန်   နိုဝင်ဘာ   ၂၃

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရန်    အမေရိကန်နှင့်   ရုရှားတို့ ရေးဆွဲခဲ့သည့် ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို လာမည့် ရက်သတ္တပတ်အတွင်း လက်ခံသဘောတူညီရန် ယူကရိန်းအား သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းထားကြောင်း    သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံတာဝန်ရှိသူများက အဆိုပြုချက် ၂၈ ချက်ကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း  သတင်းရင်းမြစ်များကို    ကိုးကား၍    ဗြိတိန်သတင်းစာ  Financial Times က ယမန်နေ့တွင်   သတင်းဖော်ပြခဲ့သည်။

အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ် ကီရေးလ်ဒီမီထရေးဗ်တို့က   ငြိမ်းချမ်းရေးအစီအစဉ်သစ် ထွက်ပေါ်လာရေးအတွက်    ဦးဆောင်ကြိုးပမ်းခဲ့ သည်။

ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းအရှေ့ပိုင်း ဒိုနက်စ်ခ်နှင့် လူဟန့်စ်ခ်ဒေသများကို စွန့်လွှတ်ပြီး  ၎င်း၏  အင်အားကို ထက်ဝက်လျှော့ချရန်   အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အဓိကအသုံးပြုလျက်ရှိသည့်အားကောင်းသော လက်နက်အမျိုးအစားများကို စွန့်လွှတ်ရန်နှင့်  အမေရိကန်၏ စစ်ရေးအကူအညီများ  ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သိရသည်။  နိုင်ငံခြားတပ်များကို တပ်စွဲထားခွင့်မပြုရန်နှင့် အနောက်နိုင်ငံများ၏ တာဝေးပစ်လက်နက် များကိုလည်း လက်ခံခြင်းမပြုရန်လည်း    တောင်းဆိုထားသည်။

ယူကရိန်း၌ ရုရှားဘာသာစကားကို  တရားဝင်နိုင်ငံတော်ဘာသာစကားအဖြစ်   အသိအမှတ်ပြု ပြဋ္ဌာန်းရန် တောင်းဆိုထားသည်။

သဘောတူညီချက်တစ်ရပ်ရရှိပါက လက်ရှိထိန်းချုပ်ထားသည့် ခါဆွန်နှင့် ဇာပိုရေးဇီးယားဒေသများကို ရုရှားက ပြန်လည်ပေးအပ်နိုင်ဖွယ်ရှိကြောင်း  အမေရိကန် သတင်းဝက်ဘ်ဆိုက်  Axios  က သတင်းဖော်ပြသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်